ပီတာရှမိုက်ကယ်

March 3, 2020

ဒီဂီယာ လက်စွမ်းကျနေသည့်အပေါ် ဂန္ထဝင်ဂိုးသမားကြီး ပီတာရှမိုက်ကယ် ဝေဖန် 

မန်ယူဂိုးသမား ဒီဂီယာ အမှားများနေတာဟာ ရီးရဲလ်ကို ပြောင်းရွှေ့ဖို့ ပျက်ပြားခဲ့တာနဲ့ သက်ဆိုင်နေနိုင်ကြောင်း ယူနိုက်တက်အသင်းရဲ့ တချိန်က ဂန္ထဝင်ဂိုးသမားကြီး ပီတာရှမိုက်ကယ်က သုံးသပ်ပြောပါတယ်။  ဒီဂီယာဟာ ဒီအပြောင်းအရွှေ့ကိစ္စမတိုင်ခင်အထိ ယူနိုက်တက်အသင်းအတွက် ယုံကြည်ရတဲ့ ဂိုးသမားတဦး ဖြစ်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ လက်စွမ်းကျဆင်းလာကာ အမှားများစွာကိုလည်း ဆက်တိုက်ကျူးလွန်ခဲ့ပါတယ်။  ဒီဂီယာဟာ ပြီးခဲ့တဲ့ အဲဗာတန်အသင်းနဲ့ ပွဲစဉ်မှာလည်း ချီတုံချတုံ ဖြစ်ကာ ဆုံးဖြတ်ချက် မပြတ်သားတဲ့ အမှားအယွင်းတခုကို ကျူးလွန်ခဲ့ပြီး ဒီအမှားကြောင့်ပဲ ယူနိုက်တက်အသင်းကို အဲဗာတန်တိုက်စစ်မှူး ကယ်ဗတ်လီဝိန်းရဲ့ သွင်းဂိုးကို ခွင့်ပြုပေးလိုက်ရပါတယ်။  ဒီဂီယာရဲ့ ပယောဂမကင်းမှုကြောင့် ယူနိုက်တက်အသင်း ပေးလိုက်ရတဲ့ ပေးဂိုး အရေအတွက်ဟာ ၇ ဂိုးအထိ ရှိလာပြီး ဒါဟာအသင်းအတွက် ခံစစ်ပိုင်းဆိုင်ရာ ကြီးမားတဲ့ ယိုယွင်းမှုတခုလည်း ဖြစ်ပါတယ်။  မန်ယူနိုက်တက်အသင်းအတွက် အကောင်းဆုံးကစားသမားဆုကို ၄ ကြိမ်တိုင်တိုင် ရရှိခဲ့တဲ့ ဒီဂီယာရဲ့ လက်စွမ်း သိသိသာသာ ကျဆင်းလာရတာဟာ အာရုံစူးစိုက်မှု နည်းပါးခြင်းကြောင့် ဖြစ်တယ်လို့  ရှမိုက်ကယ်က သုံးသပ်ပါတယ်။  “ထိပ်တန်းကလပ်အသင်းတွေအတွက် ချန်ပီယံဆုတွေကို ဆွတ်ခူးဖို့ ဘယ်အရာကိုမှ လွယ်လွယ်ကူကူနဲ့ ခွင့်မပြုလိုက်ဖို့ လိုအပ်ပါတယ်။ ခင်ဗျားတို့ ဒီလိုလုပ်လို့ မရပါဘူး။ ပွဲ ၇ မှာ အမှားအယွင်း ၇ ခုက အမှတ်တွေ လျော့အောင် လုပ်ခဲ့ပါတယ်။ ဒါဟာ အရမ်းများတဲ့ အရေအတွက်ပါ။ ဒါဟာ ထိပ်တန်းကလပ်အသင်းတခုအတွက် အရမ်းများတဲ့ အရေအတွက် ဖြစ်ပြီးတော့ ဒီဂီယာအနေနဲ့ ဒီအခြေအနေကို ပြောင်းလဲပစ်ဖို့ လိုအပ်နေပါပြီ။ သူ ပိုပြီးတော့ အာရုံစူးစိုက်မှု ရှိသင့်နေပါပြီ” လို့လည်း ရှမိုက်ကယ်က ပြောပါတယ်။  ဒါ့အပြင် ဒီဂီယာရဲ့ အခုလို ကျဆင်းလာမှုကို ခြေရာခံကြည့်မယ်ဆိုရင် ရီးရဲလ်အသင်းကို ပြောင်းရွှေ့ဖို့ကိစ္စ ပျက်ပြားသွားခဲ့ခြင်းကနေ စတင်ခဲ့တယ်လို့လည်း သူက ယူဆထားပါတယ်။ အသင်းမပြောင်းဖြစ်ခဲ့တဲ့နောက် ဒီဂီယာဟာ ယူနိုက်တက်အသင်းနဲ့ စာချုပ်သစ် ထပ်မံချုပ်ဆိုခဲ့ပါတယ်။  ဒါပေမဲ့ ဂန္ထဝင်ဂိုးသမားကြီး ပီတာရှမိုက်ကယ်က “သူ ရီးရဲလ်မက်ဒရစ်ကို မပြောင်းရွှေ့နိုင်ခဲ့တာကြောင့် ဖြစ်ပေါ်လာတဲ့ စိတ်ပျက်မှုက အရာအားလုံးကို ဖြစ်ပေါ်စေခဲ့တာပါ။ သူ့လိုမျိုး အတွေ့အကြုံရင့် ကစားသမားတယောက်အနေနဲ့ ဒီကိစ္စကို အဖြေရှာပြီး အောင်အောင်မြင်မြင် ကျော်ဖြတ်သွားဖို့ လိုအပ်ပါတယ်။ ဒီလို အမှားတွေသာ မရှိခဲ့ရင် လူတွေကလည်း ဒီကိစ္စတွေအပေါ် အာရုံစိုက်နေမှာ မဟုတ်ပါဘူး။ တကယ်လို့ လူတွေက ခင်ဗျားရဲ့ စွမ်းဆောင်ရည်နဲ့ပတ်သက်ပြီး တခုခုကို လက်ညှိုးထိုး အပြစ်တင်နေတယ်ဆိုရင် ခင်ဗျားအနေနဲ့ ဒီကိစ္စကြီးကို တကယ့်ပြဿနာကြီးတခုအဖြစ် ကိုယ့်ကိုယ်ကိုယ် ယုံကြည်လာတတ်ပါတယ်။ ဒါဟာ အခု ဒီဂီယာ ကြုံတွေ့နေရတဲ့ အခက်အခဲလည်း ဖြစ်နိုင်ပါတယ်” လို့လည်း ပြောပါတယ်။
1 year Ago
Up