ပီဇာဆိုင်တွင်း ဓားကိုင်သောင်းကျန်းသူကို ရဲက သေနတ်ဖြင့်ပစ်ခတ်ခဲ့သည့် ရုပ်သံထုတ်လွှင့်

May 12, 2017

ပီဇာဆိုင်တွင်း ဓားကိုင်သောင်းကျန်းသူကို ရဲက သေနတ်ဖြင့်ပစ်ခတ်ခဲ့သည့် ရုပ်သံထုတ်လွှင့်

အမေရိကန်နိုင်ငံ မြေအောက်ရထားဘူတာရုံတခုတွင်းမှ ပီဇာဆိုင်တဆိုင်ထဲမှာ ဆိုင်ဝန်ထမ်းတွေကို ဓားနဲ့ထိုးပြီး သောင်းကျန်းခဲ့တဲ့ အမျိုးသားတဦးကို ရဲအရာရှိက သေနတ်နဲ့ပစ်ခဲ့တဲ့ ရုပ်သံဗွီဒီယိုဖိုင်ကို ရဲတွေက ထုတ်လွှင့်ခဲ့ပါတယ်။ ဒါဟာ ပြီးခဲ့တဲ့ မေလ ၃ ရက်နေ့က ဆန်ဖရန်စစ္စကိုမြို့ မြေအောက်ရထားဘူတာရုံတခုတွင်းမှာ ဖြစ်ခဲ့ပြီး သေနတ်နဲ့ ပစ်ခတ်ခံရသူ အသက် ၂၆ နှစ်အရွယ် နစ်ကိုလပ်စ် ဖလပ်ရှီ သေဆုံးသွားခဲ့ရတာပါ။ ဒီရုပ်သံဗွီဒီယိုဖိုင်ကိုတော့ သေနတ်နဲ့ပစ်ခဲ့သူ ရဲအရာရှိ ကက်နက်ချာရဲ့ လုပ်ဖော်ကိုင်ဘက် ရဲအရာရှိတဦးရဲ့ ခန္ဓာကိုယ်မှာ တပ်ဆင်ထားတဲ့ ကင်မရာမှတဆင့် ဖမ်းယူရရှိခဲ့တာပါ။ သေဆုံးခဲ့သူ ဖလပ်ရှီဟာ ဆိုင်ကောင်တာအနီးမှာ ရှိနေခဲ့ပြီး သူ့ကို ပီဇာအလကားမပေးခဲ့တဲ့အတွက် ဝန်ထမ်းကို ဓားနဲ့ အချက်ပေါင်းများစွာထိုးပြီး ရမ်းကားခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။ အနီးနား မျက်မြင်တွေ့ရှိသူတွေနဲ့ ဆိုင်ဝန်ထမ်းတွေဟာ ဒီအခြေအနေကို ဖျန်ဖြေပေးနိုင်ဖို့ ကြိုးစားခဲ့ကြတာပါ။ ရဲတပ်ဖွဲ့ဝင်တွေ ရောက်ရှိလာချိန်မှာတော့ သူတို့ဟာ ရုတ်ရုတ်သဲသဲအခြေအနေကနေ ကောင်တာရှေ့ ဖြတ်ခဲ့ကြတာဖြစ်ပြီး သူ့အနီးက ဖြတ်ပြေးသွားတဲ့ ဖလက်ရှီကို ချာက သေနတ်နဲ့ တချက်တည်း ပစ်လိုက်တာပါ။ သေနတ်ထိမှန်ခဲ့ပြီးနောက်မှာတော့ ဖလပ်ရှီဟာ ကြမ်းပြင်ပေါ် လဲကျသွားခဲ့ပြီး သူ့လက်ထဲက သွေးစွန်းနေတဲ့ဓားပါ လွတ်ကျသွားခဲ့ကာ နေရာမှာတင် သေဆုံးသွားခဲ့တယ်လို့ သတင်းက ဆိုပါတယ်။ ဆိုင်တွင်းမှာ လာရောက်စားသုံးနေသူတွေဟာလည်း အခင်းဖြစ်တဲ့နေရာကနေ ထိတ်လန့်တကြား ထွက်ပြေးခဲ့ကြတာပါ။ ရဲအရာရှိ ချာဟာ အခုနှစ်အစောပိုင်းတုန်းကလည်း စိတ်ဝေဒနာသည် အမျိုးသားတဦး ဆူညံတာကို တုံ့ပြန်မှုကြောင့် သေနတ်နဲ့ ပစ်ခဲ့ပါသေးတယ်။ ဒါပေမယ့် အသက် ၄၃ နှစ်အရွယ် ဝေဒနာသည် ရှောင်မိုးရ်ကို သေနတ်မထိမှန်ခဲ့ဘဲ လွတ်မြောက်သွားခဲ့တယ်လို့ ဆိုပါတယ်။ လက်ရှိမှာတော့ ဖြစ်စဉ်အသေးစိတ်ကို တိတိကျကျ စုံစမ်းစစ်ဆေးမှုတွေ ဆက်လက် လုပ်ဆောင်နေတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
4 years Ago
Up