ပီကာဆို၏ ရှားပါးကိုယ်တိုင်ရေးပုံတူ

April 1, 2018

ပီကာဆို၏ ရှားပါးကိုယ်တိုင်ရေးပုံတူ ဒေါ်လာ သန်း ၇၀ ဖြင့် ရောင်းရန် မျှော်လင့်

  ပီကာဆိုရဲ့ ရှားပါးကိုယ်တိုင်ဆွဲ ပုံတူပန်းချီကားကို လေလံပွဲမှာ ဒေါ်လာသန်း ၇၀ နဲ့ ရောင်းဖို့ မျှော်လင့်တယ်လို့ ဟောင်ကောင်မှာ ပြသထားတဲ့ ပန်းချီကားနဲ့ပတ်သက်လို့ ခရစ္စတီးကုမ္ပဏီအုပ်စုက မတ်လ ၃၀ ရက်နေ့မှာ ပြောလိုက်ပါတယ်။ နာဇီတွေရဲ့ စစ်အကျဉ်းစခန်းကို ပြန်ပို့မယ်လို့ ခြိမ်းခြောက်ခံနေရတဲ့ ကာလမှာ ပီကာဆို ဆွဲထားတယ်လို့ ယူဆရတဲ့ “လီမာရင်/Le Marin” လို့ အမည်ရတဲ့ ဒီပန်းချီကားက ဆီဆေးပန်းချီကားဖြစ်ပြီး ဝမ်းနည်းနေပုံရတဲ့ အမျိုးသားတဦးက အပြာနဲ့ အဖြူရောင်အစင်း သင်္ဘောသား ရှပ်အင်္ကျီကို ဝတ်ဆင်ကာ ထိုင်ခုံပေါ်မှာ ထိုင်နေတဲ့ပုံပါ။ “ခင်ဗျားတို့အနေနဲ့ ဒီပုံကို အနည်းငယ် အမှောင်သဘောမျိုး အာရုံခံစားရမယ်၊ ပန်းချီထဲက လူက တုန်လှုပ်ချောက်ချားပြီး အနည်းငယ် စိတ်ဓာတ်ကျနေတယ်” လို့ ခရစ္စတီး ကုမ္ပဏီရဲ့ တာဝန်ရှိသူတဦးဖြစ်တဲ့ ကော်နာဂျော်ဒန်က ပြောပါတယ်။ ထောင်လိုက်ဆွဲထားတဲ့ ပန်းချီကားမှာ အမျိုးသားက သူ့ဦးခေါင်းကို သူ့ရဲ့ညာလက်ပေါ်မှာ မှေးတင်ထားပြီး ခြေထောက်တွေကို ချိတ်ထိုင်ကာ ဘယ်ဘက်လက်က ဒူးခေါင်းပေါ် တင်ထားပါတယ်။ “ဒီပုံစံက ရှေးရိုးပုံစံ ဝမ်းနည်းနေတဲ့ သင်္ကေတပဲ” လို့ ဂျော်ဒန်က ပြောပါတယ်။ ပြင်သစ်ကို နာဇီတွေ သိမ်းပိုက်ထားတဲ့ ၁၉၄၃ ခုနှစ် ကာလတွေမှာ ဖန်တီးခဲ့တဲ့ ဒီပန်းချီကားက ဂျာမဏီမှာ ရှိတဲ့ စစ်အကျဉ်းစခန်းတွေဆီ ပြန်ပို့ခံရဖို့ ခြိမ်းခြောက်ခံနေရတဲ့ စပိန်ပန်းချီဆရာရဲ့ စိုးရိမ်မှုနဲ့ ဝမ်းနည်းနာကျင်မှုကို ထင်ဟပ်နေပါတယ်။ လွန်ခဲ့တဲ့ ၂၁ နှစ် နယူးယော့ခ်က ပန်းချီကား စုဆောင်းသူတွေဖြစ်တဲ့ ဗစ်တာနဲ့ ဆယ်လီဂန့်ဇ်တို့ရဲ့ စုဆောင်းမှု ပန်းချီလေလံပွဲမှာ လီမာရင်ပန်းချီကား နောက်ဆုံးအနေနဲ့ ပြန်ပေါ်ပေါက်ခဲ့တာဖြစ်ပါတယ်။ ဒီပန်းချီကား နယူးယော့ခ်နဲ့ လန်ဒန်ကို မရောက်ခင် ဧပြီ ၃ ရက်နေ့အထိ ပန်းချီကားကို ဟောင်ကောင်မှာ ပြသထားမှာပါ။ မေလ ၁၅ ရက်နေ့မှာတော့ နယူးယော့ခ်မှာ ပန်းချီကားကို ပြသသွားမှာပါ။ လီမာရင်ပန်းချီကားက ပီကာဆိုရဲ့ အရေးကြီးဆုံး ပန်းချီ ၅ ကားထဲက တခုဖြစ်တယ်လို့ ခရစတီးကုမ္ပဏီရဲ့အပြောအရ သိရပါတယ်။ ပြီးခဲ့တဲ့နိုဝင်ဘာလက ပီကာဆိုရဲ့ ပန်းချီကား ၁၀၀ ကို ယူရို ၁.၉ သန်းနဲ့ ပါရီမြို့မှာ အမည်မသိ အမေရိကန် ပန်းချီစုဆောင်းသူ တဦးက ဝယ်သွားတယ်လို့ သိရပြီး ပီကာဆိုရဲ့ “The Women of Algiers” ဆိုတဲ့ ပန်းချီကားက ၂၀၁၅ ခုနှစ်က နယူးယော့ခ်မှာရှိတဲ့ ခရစ္စတင်းကုမ္ပဏီက အမေရိကန်ဒေါ်လာ ၁၇၉ ဒဿမ ၄ သန်းနဲ့ လေလံပွဲမှာ ရောင်းခဲ့ပြီး ကမ္ဘာ့ဈေးအကြီးဆုံး ပန်းချီကားအဖြစ် မှတ်တမ်းဝင်ခဲ့တယ်လို့ ချန်နယ်နယူးစ်အေးရှားသတင်းမှာ ဖော်ပြထားပါတယ်။
3 years Ago
Up