နောက်ဆုံးအကျော့ဆေးစစ်မှုအရ အင်္ဂလန်ကလပ် စပါးအသင်းသားတဦးမှာ ကိုရိုနာဗိုင်းရပ်စ် ပိုးတွေ့ရှိခဲ့တယ်လို့ အသင်းက အတည်ပြုလိုက်ပါတယ်။
“လေ့ကျင့်ရေးကွင်းမှာ လုပ်ဆောင်ခဲ့တဲ့ နောက်ဆုံအကျော့ဆေးစစ်မှုအရ စပါးအသင်းနဲ့ ပတ်သတ်သူတဦးဟာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရတာကို တွေ့ခဲ့ရပါတယ်” လို့ စပါးအသင်းက ထုတ်ပြန်ထားပါတယ်။
ကူးစက်ခံရသူဟာ ဘယ်သူ ဘယ်ဝါဖြစ်တယ်ဆိုတာကို အသေးစိတ်ရေးသားထားခြင်း မရှိပေမယ့် သူ့ကို ချမှတ်ထားတဲ့ စည်းမျဉ်းတွေနဲ့အညီ ၇ ရက်ကြာသီးသန့်ခွဲခြားနေထိုင်စေပြီးမှ နောက်ထပ်စစ်ဆေးမှုတွေကိုဆက်လက်လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။
ပရီမီးယားလိဂ်တာဝန်ရှိသူတွေကလည်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရသူတဦးကို နောက်ဆုံးအကြိမ်ဆေးစစ်မှုမှာ တွေ့ရှိခဲ့ရတယ်လို့ ထုတ်ပြန်ကြေညာပါတယ်။
ပရီးမီးယားလိဂ်ကို ပြန်လည်စတင်ဖို့ ပြင်ဆင်မှုတခုအနေနဲ့ လိဂ်တခုလုံးမှာရှိတဲ့ ကစားသမားတွေ၊ ဝန်ထမ်းတွေ၊ အားလုံး ၁၂၀၀ ကျော်လောက်ကို တင်းကြပ်တဲ့ စစ်ဆေးမှုတွေ လုပ်ဆောင်ခဲ့ပြီး ကူးစက်ခံထားရသူတဦး စတင်တွေ့ရှိခဲ့တာလို့ ဆိုပါတယ်။
“လိဂ်က ကစားသမားတွေနဲ့ ဝန်ထမ်းပေါင်း ၁၁၉၇ ဦးကို ဇွန် ၁ ရက်နဲ့ ၂ ရက်တို့မှာ စစ်ဆေးမှု လုပ်ဆောင်ခဲ့ပြီး အဲ့ဒီထဲကမှ တဦးမှာ ဗိုင်းရပ်စ်ကူးစက်ခံထားရကြောင်း တွေ့ခဲ့ရတယ်။ ဗိုင်းရပ်စ်ကူးစက်ခံထားရသူဟာ အခုဆိုရင် ၇ ရက်ကြာ သီးသန်းခွဲခြားနေထိုင်မှုကို စတင်ပြုလုပ်နေပြီ” လို့ ပရီးမီးယားလိဂ်ဘက်က ထုတ်ပြန်တဲ့ကြေညာချက်မှာ ဖော်ပြထားပါတယ်။
ပြီးစီးခဲ့တဲ့ စစ်ဆေးမှုတွေမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၁၃ ဦးတွေ့ရှိခဲ့ရပြီး အဲ့ဒီထဲက ၆ ဦးကို ပထမဆုံးစစ်ဆေးမှုတွေပြုလပ်ခဲ့တဲ့ မေ ၁၇၊ ၁၈ မှာ တွေ့ခဲ့ရတာပါ။
ဒုတိယအကျော့စစ်ဆေးမှုမှာ နှစ်ဦးထပ်မံတွေ့ရှိခဲ့ရပြီး မေ ၂၅၊ ၂၆ မှာပြုလုပ်ခဲ့တဲ့ တတိယအကျော့စစ်ဆေးမှုမှာတော့ နောက်ထပ်လေးဦး ထပ်မံတွေ့ ရှိခဲ့ပါတယ်။
မေ ၂၈၊ ၂၉ မှာ ပြုလုပ်ခဲ့တဲ့စစ်ဆေးမှုတွေမှာတော့ ဗိုင်းရပ်စ်ကူးစက်ခံထားရသူ တဦးမှမတွေ့ခဲ့တာကြောင့် ပရီးမီးယားလိဂ်ကို ဇွန် ၁၇ ရက်မှာ ပြန်လည်စတင်ဖို့ဖြစ်စေခဲ့ပါတယ်။
၂၀၁၉-၂၀ ပရီးမီယားလိဂ်ပြိုင်ပွဲပြီးဆုံးဖို့ နောက်ထပ်ပွဲစဉ် ၉ ခုကျန်ရှိနေဆဲဖြစ်ပြီး လီဗာပူးအသင်းက ပရီးမီးယားလိဂ်ဖလားကို ဆွတ်ခူးဖို့ အခြေအနေကောင်းတရပ်ကို ပိုင်ဆိုင်ထားပါတယ်။
11 months Ago