ပိုးသတ်ဆေးဖျန်း

January 26, 2021

ထိုင်းစာသင်ကျောင်းများတွင် ပိုးသတ်ဆေးဖျန်း၊ လာမည့်လတွင် ပြန်ဖွင့်ရန်မျှော်မှန်း

ထိုင်းနိုင်ငံမြို့တော် ဘန်ကောက်မြို့က စာသင်ကျောင်းတွေမှာ သက်ဆိုင်ရာက ပိုးသတ်ဆေးဖျန်းလုပ်ငန်းတွေ ဆောင်ရွက်နေပြီး လာမယ့်လထဲမှာ ပြန်လည်ဖွင့်လှစ်နိုင်ဖို့ မျှော်မှန်းထားတယ်လို့ နေးရှင်းသတင်းမှာ ဖော်ပြပါတယ်။

ဒီကနေ့မှာတော့ ထိုင်းစစ်တပ်ဓာတုဌာနက တာဝန်ရှိသူတွေဟာ ဘန်ကောက်မြို့၊ ချာတူချက်ခ်ခရိုင်ထဲက ဘန်ဘူစာသင်ကျောင်းဧရိယာထဲမှာ ပိုးသတ်ဆေးဖျန်းလုပ်ငန်းတွေကို လုပ်ဆောင်ပေးခဲ့ကြတာပါ။

တချိန်တည်းမှာပဲ ထိုင်းနိုင်ငံမှာ ဒီကနေ့ ကိုဗစ်-၁၉ ပိုးတွေ့လူနာ ၉၅၉ ယောက် ထပ်မံတွေ့ရှိခဲ့ရကြောင်း ရောဂါအခြေအနေစီမံခန့်ခွဲမှုဌာနက ထုတ်ပြန်ထားပြီး ဒါဟာ တနေ့တည်း ကူးစက်မှုအမြင့်ဆုံးအနေနဲ့ စံချိန်တင်ကူးစက်ခံရမှု ဖြစ်တယ်လို့ ဆိုပါတယ်။

ပိုးတွေ့လူနာအသစ်တွေထဲမှာ ၈၉ ယောက်ကတော့ ရောဂါကူးစက်ပျံ့နှံ့မှု မြင့်တက်နေတဲ့ နေရာတွေမှာ ကူးစက်ခံခဲ့ရတာ ဖြစ်ပါတယ်။ စမွတ်စာခွန်ဒေသကတော့ ရောဂါကူးစက်ခံရသူ အယောက် ၇၀ နဲ့ အမြင့်ဆုံးကူးစက်ခံထားရပြီး အဲဒီနောက်မှာ ဘန်ကောက်က ကူးစက်ခံရသူ ၁၇ ယောက်၊ စမွတ်ဆောင်ခရန်နဲ့ ဥဘွန်ရက်ချာဌာနီဒေသတွေက ၁ ယောက်စီအသီးသီး ကူးစက်ခံထားရတာပါ။

ထိုင်းနိုင်ငံတဝန်းမှာတော့ လက်ရှိအချိန်ထိ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူပေါင်း ၁၄,၆၄၆ ယောက် ကူးစက်ခံထားရပြီး သေဆုံးသူ ၇၅ ယောက် ရှိပါတယ်။

8 months Ago

November 15, 2020

တရုတ်နယ်စပ် ကချင်ပြည်နယ် လွယ်ဂျယ်တမြို့လုံး ပိုးသတ်ဆေးဖျန်း

တရုတ်နယ်စပ်မြို့ ကချင်ပြည်နယ်  လွယ်ဂျယ်မှာ နိုဝင်ဘာ ၁၃ ရက်နေ့က ကိုဗစ်-၁၉ လူနာ ၃ ဦး ပထမဆုံး တွေ့ရှိခဲ့တာကြောင့် ဒီနေ့မနက်ပိုင်းကစပြီး တစ်မြို့လုံးကို ပိုးသတ်ဆေး ဖျန်းခဲ့တယ်လို့ သိရပါတယ်။ လွယ်ဂျယ်မြို့ရှိ မေတ္တာမွန်နာရေး ကူညီမှုအသင်းသားတွေနဲ့ ယာဉ်မောင်းတွေ ပရဟိတလူမှု‌ရေးအသင်း ကားသမားတွေ စုပေါင်းပြီး လွယ်ဂျယ်မြို့ရှိ လူ စည်ကားရာနေရာတွေ၊ ကွာရန်တင်းစင်တာတွေအပါအဝင် တမြို့လုံး ဆေးဖျန်းခဲ့တာလို့ ဦးဆောင်ပါဝင်ခဲ့သူတဦးက ပြောပါတယ်။ လွယ်ဂျယ်မြို့မှာ ရန်ကုန်ကနေ လာရောက်တဲ့ လူ ၃ ဦးမှာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့တာဖြစ်ပြီး သူတို့ကိုခေါ်လာတဲ့ ယာဉ်မောင်းနဲ့ ထိစပ်ခဲ့သူ ၂၇ ယောက်မှာတော့ ရောဂါပိုးမရှိရဘူးလို့ သိရပါတယ်။ လွယ်ဂျယ်မြို့ကို မြန်မာနိုင်ငံအရပ်ရပ်က ကုန်တင်ကားတွေက ယာဉ်မောင်းနဲ့ အကူနှစ်ဦးသာ ကျန်းမာရေးထောက်ခံချက်နဲ့ စစ်ဆေးမှုခံယူပြီးမှ လာရောက်စေတာလည်း ဖြစ်ပါတယ်။ ပထမဆုံး ပိုးတွေ့လူနာ ၃ ဦးမှာလည်း ကျန်းမာရေးထောက်ခံစာပါရှိလာလို့ သူ့အနေနဲ့ ပို့ ဆောင်ပေးတာလို့ ပိုးတွေ့လူနာ ၃ ဦးအား တင်ဆောင်ခဲ့တဲ့ ကားသမားကပြောပါတယ်။ ကိုဗစ်-၁၉ လူနာ ပထမဆုံးတွေ့ရှိခဲ့တဲ့ လွယ်ဂျယ်မြို့နယ်က ၃ ဦးအပါအဝင် ဗန်းမော်ခရိုင်မှာ ပိုးတွေ့လူနာ ၇ ဦးရှိပြီဖြစ်ပြီး ၂ ဦးကတော့ ဆေးရုံက ဆင်းသွားပြီလို့ သိရပါတယ်။ သတင်း - ဇော်လင်းအောင် (ဗန်းမော်)
10 months Ago
More News
Up