ပိုးတွေ့ရှိ

October 13, 2020

ပုပ်ရဟန်းမင်းကြီးကို စောင့်ရှောက်သည့် ဗာတီကန်အစောင့် ၄ ဦးတွင် ကိုဗစ်-၁၉ ပိုးတွေ့ရှိ

ပုပ်ရဟန်းမင်းကြီးကို စောင့်ရှောက်တဲ့ ဗာတီကန်အစောင့်တပ်ဖွဲ့ဝင် ၄ ယောက်မှာ ကိုရိုနာဗိုင်းရပ်စ် တွေ့ရှိတယ်လို့ ဗာတီကန်က အောက်တိုဘာ ၁၂ ရက်မှာ ကြေညာပါတယ်။  မကြာသေးခင် သီတင်းပတ်တွေအတွင်း ဗာတီကန် မြို့ပြနိုင်ငံငယ်လေးရဲ့ နိုင်ငံသား ၃ ယောက်မှာ ဗိုင်းရပ်စ်တွေ့ပြီးနောက် အခုအဖြေဟာ သီတင်းပတ်ကုန်ရက်မှာ တွေ့ခဲ့တာပါ။ သူတို့ဟာ ပထမဆုံးပိုးတွေ့တဲ့  တပ်ဖွဲ့ဝင်တွေလို့ ယုံကြည်ရပါတယ်။ ဗာတီကန် အစောင့်အားလုံးနီးပါးဟာ ဗာတီကန်ဝင်းအတွင်း စစ်တန်းလျားမှာ နေကြတဲ့ တကိုယ်ရေ တကာယသမားတွေပါ။ တပ်မှူးတွေနဲ့ အိမ်ထောင်သည်တပ်ဖွဲ့ဝင်တွေကတော့ သီးခြားရိပ်သာတွေမှာ နေကြတာပါ။  နောက်ပြီး တပ်ဖွဲ့ဝင် အားလုံးဟာ ဆွစ်ဇာလန်နိုင်ငံသား ဖြစ်ကြပါတယ်။  ပြီးခဲ့တဲ့ သီတင်းပတ်ကပဲ ဗာတီကန်မှာ နှာခေါင်းစည်းတပ်တာ၊ တစ်ဦးနဲ့ တစ်ဦး ခပ်ခွာခွာ နေတာ စတဲ့ ကြိုတင်ကာကွယ်ရေးအစီအမံတွေ ပြုလုပ်ခဲ့ပါတယ်။  ဒါပေမဲ့ ဧည့်ပရိသတ်တွေနဲ့ စည်းဝေးပွဲလုပ်ရာမှာ ပုပ်ရဟန်းမင်းကြီး ဖရန့်စစ် နှာခေါင်းစည်း မတပ်တာကို တချို့ သတိပြုမိခဲ့ပါတယ်။  တခါတလေမှာ ပုပ်ရဟန်းမင်းကြီးဟာ နှာခေါင်းစည်း တပ်ထားတဲ့ ဧည့်သည်တွေနဲ့ အတော်လေး နီးနီးကပ်ကပ် ရှိတတ်တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။
7 months Ago

October 3, 2020

ကိုဗစ်-၁၉ လက္ခဏာဖြင့် လာရောက်စစ်ဆေးသူတွေထဲက လေးပုံတပုံ ပိုးတွေ့ရှိဟု အတိုင်ပင်ခံပြော

ကိုဗစ်-၁၉ လာရောက်စစ်ဆေးသူတွေထဲက လေးပုံတပုံလောက်မှာ ပိုးတွေ့ရသလို ကူးစက်ခံရပြီး ပိုးကင်းသွားသူတွေအနေနဲ့လည်း နောက်တကြိမ် ပြန်ဖြစ်နိုင်တယ်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က သတိပေးလိုက်ပါတယ်။ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု နောက်ဆုံးအခြေအနေနဲ့ ပတ်သက်ပြီး အောက်တိုဘာ ၂ ရက်ညက ပြည်သူကို အစီရင်ခံတင်ပြတဲ့ မိန့်ခွန်းမှာ ပြောခဲ့တာ ဖြစ်ပါတယ်။ “ရောဂါလက္ခဏာရှိလို့ လာပြီး စစ်တဲ့လူတွေထဲမှာဆိုရင် ၂၃ ဒသမ ၆ ရာခိုင်နှုန်းဟာ ရောဂါရှိတယ်ဆိုတာ တွေ့ရပါတယ်။ နောက်ပြီးတော့ ရောဂါရှိတဲ့သူနဲ့ ထိတွေ့မှုရှိလို့ လာပြီးတော့ အစစ်ခံတဲ့သူတွေထဲမှာဆိုရင် ၁၈ ဒသမ ၉ ရာခိုင်နှုန်းဟာ ရောဂါရှိတာကို တွေ့ရပါတယ်။ ပြည်ပ ဒါမှမဟုတ် ရောဂါပြန့်ပွားနေတဲ့ ပြည်တွင်းနေရာတွေကနေပြီးတော့ လာတဲ့သူတွေကို စစ်လိုက်တဲ့အခါမှာ ၁ ဒသမ ၈ ရာခိုင်နှုန်းဟာ ရောဂါပိုးရှိတယ်ဆိုတာ တွေ့ရပါတယ်” လို့ ပြောပါတယ်။ အနံ့မရတဲ့သူတွေအနေနဲ့ စောစောစီးစီး သွားစစ်ကြဖို့နဲ့ စောစောကုရင် မဆိုးရွားနိုင်ဘဲ ရောဂါစစ်တာ နောက်ကျလေလေ ကုသရခက်လေ ဖြစ်တယ်လို့ ပြောပါတယ်။ ရောဂါ အမြန်စစ်နိုင်တဲ့ ကိရိယာတွေကို ကိုရီးယားနိုင်ငံက မှာယူထားတာ အခုရေ ၄ သိန်းကျော်ပြီလို့လည်း ဆိုပါတယ်။  တချို့နိုင်ငံတွေမှာ ရောဂါဖြစ်တာဟာ တတိယလှိုင်းကို ရောက်နေပြီလို့တောင် ခန့်မှန်းကြတာတွေရှိပြီး တချို့နိုင်ငံတွေမှာတော့ ထိန်းထားနိုင်သလို ဒါဟာ နိုင်ငံ ဆင်းရဲတာ ချမ်းသာတာနဲ့ မဆိုင်ဘဲ ပြည်သူတွေ စည်းကမ်းရှိတာနဲ့ပဲ ဆိုင်တယ်လို့ ပြောပါတယ်။ ဆေးရုံက ဆင်းပြီးသူတွေဟာ အိမ်မှာ တပတ်ဆက်နေဖို့လိုပြီး ရောဂါကင်းစင်သွားရင်တောင်မှ နောက်တကြိမ်ထပ်မဖြစ်ဘူး မထင်နဲ့လို့လည်း သူက သတိပေးပါတယ်။ ဒီရောဂါက ၂ ခါမရနိုင်ဘူးလို့ ဘယ်သူကမှ အခုထိ မပြောနိုင်သေးဘူးလို့ သူက ဆိုပါတယ်။ ပြီးတော့ ကာကွယ်ဆေးထွက်မှ ပြည်သူတွေ အားလုံးကို ကာကွယ်ဆေး ထိုးပေးနိုင်ပြီးတဲ့အခါမှပဲ ဒီရောဂါကို အောင်မြင်နိုင်ပြီ သတ်မှတ်နိုင်မယ်လို့လည်း ပြောပါတယ်။ မြန်မာနိုင်ငံမှာ မနေ့ည ၈ နာရီ အထိ ကိုဗစ်-၁၉ အတည်ပြုလူနာပေါင်း ၁၅,၅၂၅  ယောက်၊ သေဆုံးသူ  ၃၅၃  ယောက်နဲ့ ဆေးရုံကဆင်းခွင့်ပြုခဲ့သူပေါင်း ၄,၃၇၈ ယောက် ရှိတယ်လို့ ကျန်းမာရေးဌာန ထုတ်ပြန်ချက်အရ သိရပါတယ်။
7 months Ago
Up