ပို့ဆောင်ရေး

May 14, 2020

နိုင်ငံတကာလေကြောင်းခရီးစဉ်များ မြန်မာနိုင်ငံ ဝင်ရောက်ခွင့် မေလကုန်အထိ ထပ်ပိတ်

နိုင်ငံတကာခရီးသည်တင်လေကြောင်းခရီးစဉ်တွေ မြန်မာနိုင်ငံသို့ ပျံသန်းဆင်းသက်တာကို ယာယီကန့်သတ်ထားတဲ့ ကာလကို မေလ ၃၁ ရက် ည ၁၂ နာရီအထိ  တိုးမြှင့်သတ်မှတ်လိုက်တယ်လို့ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနက ဒီကနေ့ မေလ ၁၄ ရက်မှာ ကြေညာပါတယ်။ မြန်မာနိုင်ငံအတွင်း COVID-19 ရောဂါကူးစက်ဖြစ်ပွားမှုကို ထိန်းချုပ်နိုင်ဖို့ဆောင်ရွက်ရာမှာ နိုင်ငံတကာမှ လေကြောင်းခရီးစဉ်တွေနဲ့ ခရီးသည်တွေ ဝင်ရောက်လာမှုကို ကန့်သတ် ထိန်းချုပ်နိုင်ရေးမှာများစွာ အရေးပါတဲ့အတွက် ခုလို လုပ်ဆောင်လိုက်တာလို့ ဆိုပါတယ်။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက မတ်လ ၂၉ ရက်က ထုတ်ပြန်ခဲ့တဲ့ နိုင်ငံတကာခရီးသည်တင်လေကြောင်းခရီးစဉ်များ မြန်မာနိုင်ငံသို့ ပျံသန်းဆင်းသက်ခြင်းကို ယာယီကန့်သတ်ခြင်းဆိုင်ရာ ညွှန်ကြားချက်ကို  COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီ၏ ခွင့်ပြုချက်နဲ့ ခုလို  ထပ်မံတိုးမြှင့် သတ်မှတ်လိုက်တာလို့ ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။ မြန်မာနိုင်ငံမှာတွေ့ရှိတဲ့ COVID-19 ဓာတ်ခွဲအတည်ပြုလူနာတွေထဲမှာ ရောဂါဖြစ်ပွားတဲ့နိုင်ငံတွေကနေ မြန်မာနိုင်ငံကို လေကြောင်းနဲ့ ဝင်ရောက်လာသူ အနည်းဆုံး ၁၆ ယောက်လောက်ရှိခဲ့တာ ဖြစ်ပါတယ်။ နိုင်ငံတကာခရီးသည်တင်လေကြောင်းခရီးစဉ်တွေ မြန်မာနိုင်ငံကို လာရောက်ခွင့် ပိတ်ထားတဲ့ အတွက် ပြည်ပနိုင်ငံတွေမှာ ပိတ်မိနေတဲ့ နေရပ်ပြန်လိုတဲ့ မြန်မာနိုင်ငံသားတွေကို အစိုးရအစီအစဉ်နဲ့ ကယ်ဆယ်ရေး လေယာဉ်တွေ စေလွှတ်ပြီး ပြန်လည်ခေါ်ယူနေတာ ရှိပါတယ်။ PHOTO-AIR ASIA
11 months Ago
Up