ပို့ကုန်မှရ‌ငွေ

October 4, 2021

ပို့ကုန်မှရ‌ငွေကို ရက် ၃၀ အတွင်း ပြန်လည်ရောင်းချရန် စစ်ကောင်စီဗဟိုဘဏ်ညွှန်ကြား

ပို့ကုန်မှရ‌ငွေတွေကို ရက်ပေါင်း ၃၀ အတွင်း စျေးကွက်ပေါက်စျေးနဲ့ မပျက်မကွက် ပြန်လည်ရောင်းချရမယ်လို့ စစ်ကောင်စီ ဗဟိုဘဏ်က အောက်တိုဘာ ၃ ရက်မှာ ထုတ်ပြန်  ညွှန်ကြားလိုက်ပါတယ်။

ဗဟိုဘဏ်ကထုတ်ပြန်လိုက်တဲ့ညွှန်ကြားချက်အရ ပို့ကုန်တင်ပို့သူတွေအနေနဲ့ ရရှိလာတဲ့ ပို့ကုန်ရ ဝင်ငွေတွေကို မိမိတို့ငွေစာရင်းထဲမှာ အသုံးမပြုဘဲ ကျန်ရှိတဲ့ အဆိုပါဝင်ငွေတွေကို ရက်ပေါင်း ၃၀ အတွင်း နိုင်ငံခြားငွေရောင်းဝယ်ခွင့်ရရှိတဲ့ဘဏ်တွေမှာ စျေးကွက်ပေါက်စျေးနှုန်းနဲ့ မပျက်မကွက် ရောင်းချ ပေးရမယ်လို့ ဖော်ပြထားပါတယ်။

ဒီညွှန်ကြားချက်ကြောင့် ပို့ကုန်သမားတွေအပေါ် ဖိအားရှိစေနိုင်ပေမဲ့ သွင်းကုန်သမားတွေအတွက် အကြိုက်ဖြစ်စေတယ်လို့ ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်တွေက ပြောပါတယ်။

ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်ကြီးတဦးက “အရင်တခါ ပို့ကုန်ရဝင်ငွေတွေနဲ့ဆိုင်တဲ့ ဗဟိုဘဏ်ရဲ့ပထမအကြိမ်ညွှန်ကြားချက်မှာ ၄ လအတွင်းထားပြီးမှ ရောင်းလို့ရတယ်ပေါ့။ အခုက ၁ လအတွင်းဆိုတော့ အချိန်က တိုသွားတာပေါ့နော်။ အဲ့တော့ ပို့ကုန်သမားတွေအနေနဲ့က ငွေဝင်းပြီးတော့ ၁ လအတွင်း ရောင်းဖို့ ဖြစ်လာရတယ်။ တချို့ပို့ကုန်သမားတွေအတွက်က ဒေါ်လာစျေးတက်တော့ ဒေါ်လာကို ထုတ်မရောင်းချင်ကြဘူး။ သူတို့ ဘဏ်အကောင့်ထဲမှာပဲ သိမ်းထားချင်ကြတာပေါ့။ ပြီးတော့ သူတို့လိုတဲ့အခါကြမှပဲ လိုသလောက်ထုတ်ရောင်းကြတာ ပေါ့နော်။ ဆိုတော့ ပို့ကုန်သမားကတော့ ဘယ်လိုပဲဖြစ်ဖြစ် ကိုယ့်စိတ်တိုင်းကြ လုပ်ချင်ကြတာပေါ့။ ဒီတော့ ပို့ကုန်သမားတွေဘက်က ကြည့်ရင် ဒါက သူတို့ကို တင်းကျပ်တယ်လို့ ခံစားရတာပေါ့နော်။ ဒါပေမဲ့ ဗဟိုဘဏ်ဘက်က ကြည့်ရင် သွင်းကုန်သမားတွေအတွက် ဒေါ်လာလိုအပ်ချက်ရှိနေတယ်။ လက်ရှိမှာဆိုရင်လည်း ဒေါ်လာနဲ့ပတ်သက်ပြီး ဒေါ်လာစျေးနှုန်းက မတည်မငြိမ်ဖြစ်နေတယ်။ အဲ့တော့ ဗဟိုဘဏ်က သူ့အနေနဲ့လုပ်လို့ရတဲ့ နည်းလမ်းတွေသုံးပြီး ဆောင်ရွက်တာပေါ့နော်။ ကျနော်တို့ တိုင်းပြည်မှာတော့ ပို့ကုန်သမားတွေက ဒါကို မကြိုက်ကြဘူးပေါ့။ သွင်းကုန်သမားတွေကတော့ ကြိုက်ကြတာပေါ့နော်။ အဲ့လိုဖြစ်နေတယ်” လို့ ပြောပါတယ်။

နိုင်ငံခြားငွေကြေးရောင်းဝယ်ခွင့်လုပ်ငန်းလိုင်စင်ရရှိထားတဲ့လုပ်ငန်းရှင်တဦးကတော့ “ဗဟိုဘဏ်ရဲ့ ဒီညွှန်ကြားချက်က ဒေါ်လာစျေးနှုန်းအပေါ် အမှန်တကယ် သက်ရောက်မှု ရှိနိုင်မလားဆိုတာက ဒေါ်လာစျေး တက်ရတဲ့အကြောင်းအရင်းကလည်း ဘက်ပေါင်းစုံနဲ့သက်ဆိုင်တဲ့ အကြောင်းအရာက အများကြီးရှိတာပေါ့နော်။ ဒါပေမဲ့ လောလောဆယ် ဒီလိုလုပ်ချင်း အားဖြင့် တစုံတရာ သက်ရောက်မှုတော့ ရှိလာနိုင်ပါတယ်။ အခုဆိုရင်ပဲ ဒေါ်လာစျေးက အရင်ထက်တော့ စျေးကျသွားဖို့ ရှိပါတယ်။ နောက်တချက်က ဘာပဲပြောပြော အခုလိုလုပ်လိုက်တဲ့အတွက်ကြောင့် ဒေါ်လာစီးဆင်းမှုက အရင်ထက်တော့ ပိုပြီးမြန်ဆန်လာမယ်” လို့  ပြောပါတယ်။

စီးပွားရေးသုတေသီတဦးက “ကျနော့်အမြင်ကတော့ ရေရှည်အတွက် ဖြေရှင်းရမယ့်နည်းလမ်းက ကျနော်တို့ ပို့ကုန်တွေ ထွက်လာအောင် ဆောင်ရွက်ရမှာပေါ့နော်။ နောက်တချက်ကလည်း တရုတ်နိုင်ငံက  နယ်စပ်ကုန်သွယ်ရေးမှာ ကျနော်တို့ဆီက ကုန်စီးဆင်းမှု ပိတ်ပင်ထားတာကို ဖြေရှင်းပေးဖို့က အခုအချိန် အရေးတကြီးဆောင်ရွက်ပေးဖို့ လိုအပ်တယ်လို့ မြင်ပါတယ်။ အဲ့ဒါဆိုရင် ဒေါ်လာစျေးက တော်တော်လေး ပြုတ်ကျသွားနိုင်တယ်ဗျ။ ဘာလို့လဲဆိုတော့ ကျနော်တို့နိုင်ငံက လယ်ယာထွက်ကုန်ပစ္စည်းတွေအားလုံးက နယ်စပ်ကနေ တရုတ်ဆီ တင်ပို့နေတာလေ။ ပြီးတော့ လက်ရှိ ပြည်ပကိုတင်မယ်ဆိုရင် သင်္ဘောခက စျေးကြီးတယ်။ ဥရောပစျေးကွက်ဆီ သင်္ဘောတင်ဖို့ဆိုရင် ကွန်တိန်နာ တလုံးက ဒေါ်လာ ခုနှစ်ထောင်၊  ရှစ်ထောင် ခန့်ကုန်ကျစရိတ်ရှိတယ်။ အဲ့တော့ လိုသလောက် ပို့ဖို့က အဆင်မပြေဘူးလေ” လို့ပြောပါတယ်။

ဒီကနေ့ အောက်တိုဘာ ၄ ရက်မှာ အမေရိကန် ၁ ဒေါ်လာတန်ဖိုးက နိုင်ငံခြားငွေကြေးရောင်းဝယ်ခွင့်လုပ်ငန်း လိုင်စင်ရရှိထားတဲ့ ငွေလဲကောင်တာတွေမှာ ဝယ်စျေးက ၂၁၈၀ ကျပ်နဲ့ ရောင်းစျေးက ၂၂၈၀ ကျပ် ရှိပါတယ်။

ပြီးခဲ့တဲ့ရက် ပိုင်းကတော့ အမေရိကန် ၁ ဒေါ်လာတန်ဖိုးက မြန်မာငွေ ၂၇၀၀ ကျပ်အထိ ရောက်ရှိခဲ့ပါတယ်။

1 year Ago
Up