ပိုပေါ့

January 17, 2019

မြန်မာယူ-၂၃ အသင်း နည်းပြချုပ်အဖြစ် ဘူလ်ဂေးရီးယားနည်းပြ ပိုပေါ့ကို ခန့်အပ်

မြန်မာ့လက်ရွေးစင် ယူ-၂၃ အသင်းရဲ့ နည်းပြချုပ်အဖြစ် ဘူလ်ဂေးရီးယားနည်းပြ ဗယ်လီဇာ ပိုပေါ့ကို ခန့်အပ်လိုက်ပါတယ်။ အသက် ၄၂ နှစ်ရှိ ပိုပေါ့ဟာ မော်ဒိုက်စ်လက်ရွေးစင်အသင်း အပါအဝင် ထိုင်းနဲ့ မလေးရှားကလပ်တွေမှာ နည်းပြချုပ်အဖြစ် ကိုင်တွယ်ခဲ့ပြီး ပြီးခဲ့တဲ့နှစ်က အိုမန်ကလပ် Sur Club အသင်းမှာ နောက်ဆုံး ကိုင်တွယ်ခဲ့တာ ဖြစ်ပါတယ်။ ပိုပေါ့ကို ယူ-၂၃ နည်းပြအဖြစ် ခန့်အပ်တာဟာ ဘောလုံးအဖွဲ့ချုပ်က ရေးဆွဲထားတဲ့ ၄ နှစ်စီမံကိန်းအတိုင်း အကောင်အထည်ဖော်နိုင်မယ်လို့ ထင်တာကြောင့်ဖြစ်ပြီး အာဆီယံ ဘောလုံးလောက အကြောင်းကိုလည်း သိရှိတဲ့အတွက် ခန့်အပ်ခဲ့တာဖြစ်တယ်လို့ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် တွဲဘက် အထွေထွေအတွင်းရေးမှူး ဦးတင်မြင့်အောင်က ပြောပါတယ်။ မြန်မာယူ-၂၃ အသင်းဟာ အခုနှစ်အတွင်းမှာ အာရှယူ-၂၃ ခြေစစ်ပွဲ၊ အာဆီယံယူ-၂၂ ပြိုင်ပွဲနဲ့ ဆီးဂိမ်းပြိုင်ပွဲတွေ ယှဉ်ပြိုင်ကစားဖို့ရှိနေတာ ဖြစ်ပါတယ်။ ဘူလ်ဂေးရီးယားနည်းပြ ပိုပေါ့ဟာ ဥရောပဘောလုံးအဖွဲ့ချုပ်ရဲ့ ပရော်ဖက်ရှင်နယ်လိုင်စင် ရရှိထားသူဖြစ်ပြီး ယူ-၁၈ နဲ့ ယူ-၁၉ အသင်းတွေမှာလည်း နည်းစနစ်ဒါရိုက်တာအဖြစ် တာဝန်ယူမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဟာ ယူ-၂၃ အသင်းအတွက် ရေရှည်ကိုင်တွယ်ဖို့ ပြည်တွင်းနည်းပြ ဦးကြည်လွင်နဲ့ စာချုပ် ချုပ်ဆိုထားပေမယ့် ထုတ်ပယ်ခဲ့ပြီး ပိုပေါ့ကို ခန့်အပ်ခဲ့တာ ဖြစ်ပါတယ်။ ဦးကြည်လွင်ကို ထုတ်ပယ်ခဲ့တာဟာ နည်းပြလိုင်စင် အေ မရှိတဲ့အပြင် ရှေ့ဆက်သွားမယ့် လေးနှစ်စီမံကိန်းမှာ အံဝင်မှုမရှိတာကြောင့် ဖြစ်တယ်လို့ ဘောလုံးအဖွဲ့ချုပ် တွဲဘက်အတွင်းရေးမှူး ဦးတင်မြင့်အောင်က ဆိုပါတယ်။ မြန်မာယူ-၁၈ နဲ့ ယူ-၁၉ နည်းပြချုပ်ကိုတော့ ပြည်တွင်းနည်းပြ ဦးစိုးမြတ်မင်းကို ခန့်အပ်ခဲ့ပါတယ်။ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်အနေနဲ့ လစ်လပ်နေတဲ့ လက်ရွေးစင်အသင်းကြီး နည်းပြရာထူးအတွက်လည်း လျှောက်လွှာတွေကို လက်ခံနေပြီး လာမယ့် ဖေဖော်ဝါရီလဆန်းပိုင်းမှာ အပြီးသတ် ခန့်အပ်မယ်လို့ သိရပါတယ်။
2 years Ago
Up