ပိုလန်ရေတပ်

October 13, 2020

ဒုတိယကမ္ဘာစစ်အတွင်းက မပေါက်ကွဲခဲ့သည့် ဗုံးကြီး ၁ လုံးကို ပိုလန်ရေတပ်က ဖြုတ်သိမ်းမည်  

ဒုတိယကမ္ဘာစစ်အတွင်းက မပေါက်ကွဲခဲ့တဲ့ ရှာတွေ့သမျှထဲက အကြီးဆုံးဗုံးကို ပိုလန်နိုင်ငံမှာ ရေတပ် ရေငုပ်သမားတွေက ၅ ရက်အတွင်း ဖြုတ်သိမ်းတော့မှာပါ။ ဒီလို စနက်တံဖြုတ်သိမ်းမယ့် စစ်ဆင်ရေးကို အောက်တိုဘာ ၁၂ ရက်မှာ စတင်လိုက်ပါတယ်။ ဒီဗုံးကြီးကို စနက်တံပြန်ဖြုတ်ချိန်မှာ ဘေးကင်းအောင် လူပေါင်း ၇၅၁ ယောက်ကို အောက်တိုဘာ ၁၂ ရက်နေ့က သူတို့အိမ်တွေကနေ ဘေးလွတ်ရာဆီ ရွှေ့ပြောင်းခဲ့ရပါတယ်။ အမှတ်-၈ ကမ်းရိုးတန်း ကာကွယ်ရေးရေယာဉ်စုရဲ့ အမှတ်-၁၂ မိုင်းရှင်းလင်းရေး တပ်ရင်းက တာဝန်ရှိသူက “ဗုံးရဲ့ ဖြုတ်လို့ရတဲ့ အစိတ်အပိုင်းကို တူးထုတ်ပြီးပြီ။ အလယ်ပိုင်း ကျန်သေးတယ်။ အစီအစဉ်တကျပါပဲ။ အပျက်အစီးတွေက ဗုံးကို ငြိမ်တဲ့နေရာမှာ ထပ်ရှိနေစေလိမ့်မယ်။ ပေါက်ကွဲ နိုင်မှာ မဟုတ်ဘူးပေါ့” လို့  ပြောပါတယ်။ ‘ငလျင်’လို့ နာမည်ပေးထားတဲ့ တောဘွိုင်းဗုံးအမျိုးအစားကို ဗြိတိန်တော်ဝင်လေတပ် (RAF) က သုံးခဲ့တာဖြစ်ပြီး အလေးချိန် ၅၄၀၀ ကီလိုဂရမ် လေးပါတယ်။ ဖောက်ခွဲရေးပစ္စည်းပေါင်း ၂၄၀၀ ကီလိုဂရမ် ပါဝင်တယ်လို့ ရေတပ်က သူ့ရဲ့ တရားဝင် ဖေ့စ်ဘွတ် လူမှုကွန်ရက်စာမျက်နှာပေါ်ကနေ ပြောပါတယ်။ ဒီဗုံးကို ဘောလ်တစ်ပင်လယ်နဲ့ အိုဒါမြစ်ကို ချိတ်ဆက်ပေးတဲ့ ပျပ်စ်ထ်တူးမြောင်းထဲမှာ တွေ့ခဲ့တာပါ။ (RAF) က ဂျာမန်သင်္ဘော လွတ်ဇောကို တိုက်ခိုက်ချိန် ၁၉၄၅ ခုနှစ်မှာ ကြဲချခဲ့တာလည်း ဖြစ်ပါတယ်။  ပိုလန်နိုင်ငံ အနောက်မြောက်ပိုင်းမှာ ရှိတဲ့ ရွှီနုံးရီချ်ရှာမြို့နားမှာ ဗုံးကို တွေ့တာဖြစ်ပြီး အနားမှာတော့ ၂၀၁၆ ကမှ ဓာတ်ငွေ့လောင်စာရည်စက်ရုံကို ဖွင့်လှစ်ထားပါတယ်။
7 months Ago
Up