ပိုလန်နိုင်ငံ

March 28, 2020

ပိုလန်နိုင်ငံတွင် နေအိမ်ခြေချုပ် အပလီကေးရှင်း စတင်

နိုင်ငံရပ်ခြားက ပြန်လာကြသူတွေ နေအိမ်မှာပဲ နေပြီး အသွားအလာ ကန့်သတ်တဲ့  စည်းကမ်းတွေကို လိုက်နာစေဖို့ ပိုလန်အစိုးရက နေအိမ်ခြေချုပ်ဆိုတဲ့ အပလီကေးရှင်းတခုကို   စတင်လိုက်ပါတယ်။   အဲဒီအပလီကေးရှင်းက နေအိမ်ခြေချုပ်ခံရတဲ့ ပိုလန်ပြည်တော်ပြန်တွေဆီ စာတိုပေးပို့ပြီး  သူတို့အနေနဲ့ မိနစ် ၂၀ အတွင်းမှာ ဓာတ်ပုံတပုံကို အွန်လိုင်းပေါ် တင်ရမှာပါ။   အပလီကေးရှင်းဟာ  မျက်နှာဖတ်ဆော့ဖ်ဝဲလ်ကို သုံးပြီး အဲဒီဓာတ်ပုံ တည်နေရာကို ရှာကာ  စည်းကမ်း လိုက်နာခြင်း ရှိ၊ မရှိ စစ်ဆေးသွားမှာပါ။  အဲဒီအပလီကေးရှင်းကို အသုံးပြုနေတဲ့ အပန်းဖြေခရီးထွက်ပြီး ပြန်လာသူ ပိုကိုရာက “အပလီကေးရှင်းဟာ အသုံးပြုသူနဲ့ အကျွမ်းတဝင် မဖြစ်တာ၊ အမှားအယွင်းများတာနဲ့  ကိုယ် လုပ်ဆောင်ထားတဲ့အရာတွေကို မှတ်သားမထားတာနဲ့ ညွှန်ကြားချက် တိတိကျကျမပေးဘဲ အသုံးပြုသူတွေကို လုပ်ဆောင်ခိုင်းတာတွေ ရှိတယ်” လို့ ပြောပါတယ်။   ထိုင်းနဲ့ ဗီယက်နမ်က နေပြန်လာတဲ့ မာစင်ဇီးနစ်ကလည်း အပလီကေးရှင်းကို မတ်လ  ၂၀ ရက်က ထည့်သွင်းခဲ့ပမယ့် ၄ ရက် ကြာတဲ့အထိ အပလီကေးရှင်းထဲ ခဏခဏ ပြန်ဝင်နေရတယ်လို့ ဆိုပါတယ်။   မတ်လ ၁၅ ရက်နေ့ကစလို့ ပိုလန်အစိုးရဟာ နိုင်ငံထဲ နိုင်ငံခြားသား ဝင်ရောက်တာကို တားမြစ်ခဲ့ပြီး ပိုလန် ပြည်တော်ပြန်တွေကိုလည်း ၁၄ ရက်တာ အသွားအလာကန့်သတ်တာတွေ   မဖြစ်မနေ လုပ်ဆောင်ဖို့ စည်းကမ်းထုတ်ပြန်ခဲ့ပါတယ်။  ပိုလန်နိုင်ငံမှာ ဒီနေ့မနက်ပိုင်းအထိ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၁၃၈၉ ဦး၊ သေဆုံးသူ ၁၆ ဦးနဲ့ ရောဂါသက်သာပျောက်ကင်းသူ ၇ ဦးရှိတယ်လို့ သိရပါတယ်။
2 years Ago

December 5, 2019

ပိုလန် နှင်းလျှောစီးစခန်းတွင် ပေါက်ကွဲမှုကြောင့် ၆ ဦးသေဆုံး

ပိုလန်နိုင်ငံတောင်ပိုင်း  နှင်းလျှောစီးအပန်းဖြေစခန်းတခုမှာ ဒီဇင်ဘာ ၄ ရက်နေ့က  ဂတ်စ်ပိုက်ပေါက်ကွဲမှုကြောင့် လူ ၆ ဦး သေဆုံးခဲ့ပြီး မီးသတ်တပ်ဖွဲ့တွေဟာ အသက်ရှင်သူတွေကို ရှာဖွေနေပါတယ်။  ဒေသအုပ်ချုပ်ရေးမှူးက ရှာဖွေရေးလုပ်ရာမှာ ဆဌမမြောက်အလောင်းကို တွေ့ခဲ့ပြီး   သူတို့အနေနဲ့ အသက်ရှင်သူတွေကို ရှာတွေ့ဖို့ မျှော်လင့်နေတယ်လို့ပြောခဲ့ပါတယ်။   ရှစ်ဇဲ နှင်းလျှောစီး အပန်းဖြေစခန်းက  ၃ ထပ် အဆောက်အအုံတလုံးမှာ ဂတ်စ်ပိုက်ပေါက်ကွဲမှုဖြစ်ခဲ့ပြီး အဲဒီအဆောက်အအုံမှာ လူ ၈ ယောက် နေထိုင်တယ်လို့ မီးသတ်တာဝန်ရှိသူတဦးက ပြောပါတယ်။   အဆောက်အအုံ ပြိုကျရာနေရာမှာ မီးသတ်တပ်ဖွဲ့ဝင် ၁၀၀ လောက်နဲ့ ရဲတပ်ဖွဲ့ဝင် အယောက် ၅၀ ရောက်ရှိနေပြီး  ရှာဖွေရေးဆက်လုပ်နေတယ်လို့ ပိုလန် နိုင်ငံပိုင် ရုပ်သံ TVP က အစီရင်ခံပါတယ်။     ဂတ်စ်ကုမ္ပဏီ တာဝန်ရှိသူ တဦးက  အနီးဝန်ကျင် ဆောက်လုပ်ရေးလုပ်ငန်းကြောင့်   ဓာတ်ငွေ့ပိုက်လိုင်းကို မတော်တဆ ထိခိုက်ပြိး  ပေါက်ကွဲတာ ဖြစ်နိုင်တယ်လို့ ပြောပြခဲ့ ပါတယ်။  
2 years Ago

 ပိုလန် နှင်းလျှောစီးစခန်းတွင် ပေါက်ကွဲမှုဖြစ်ပြီး အဆောက်အအုံပြိုကျ၊ ပျောက်ဆုံးသူများကို ရှာဖွေ

ပိုလန်နိုင်ငံတောင်ပိုင်း  နှင်းလျှောစီးအပန်းဖြေစခန်းတခုမှာ ဒီဇင်ဘာ ၄ ရက်နေ့က  ဂတ်စ်ပိုက်ပေါက်ကွဲမှုကြောင့် အဆောက်အအုံတလုံး ပြိုကျခဲ့ပြီး မီးသတ်တပ်ဖွဲ့တွေဟာ အသက်ရှင်သူတွေကို ရှာဖွေနေပါတယ်။  မီးသတ်တပ်ဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ်တဦးက ပေါက်ကွဲရာနေရာကို မီးသတ်ကား အစီး ၂၀- ရောက်နေတယ်လို့ ပြောခဲ့ပါတယ်။ အပြိုအပျက်တွေအောက်မှာ ကလေးတွေ အပါအဝင် လူ ၈ ယောက်  ရှိနိုင်တယ်လို့ သူက ပြောခဲ့ပါတယ်။    ရှစ်ဇဲနှင်းလျှောစီးအပန်းဖြေစခန်းက  ၃ ထပ် အဆောက်အအုံတလုံးမှာ ဂတ်စ်ပိုက်ပေါက်ကွဲမှု ဖြစ်ခဲ့တာပါ။ အဆောက်အအုံ အပြိုအပျက်အောက်မှာ လူဘယ်နှယောက် ရှိမှန်း သေချာမသိရဘူးလို့  ရဲတပ်ဖွဲ့က အစောပိုင်းမှာ ပြောခဲ့ပါတယ်။ ဂတ်စ်ကုမ္ပဏီ တာဝန်ရှိသူတဦးက အနီးဝန်ကျင် ဆောက်လုပ်ရေးလုပ်ငန်းကြောင့်   ဓာတ်ငွေ့ပိုက်လိုင်းကို မတော်တဆထိခိုက်ပြီး ပေါက်ကွဲတာ ဖြစ်နိုင်တယ်လို့  ပြောပါတယ်။
2 years Ago
Up