ပိုလန်

November 23, 2022

ကမ္ဘာ့ဖလားပြိုင်ပွဲတွင် လက်ရှိချန်ပီယံ ပြင်သစ်က ဩစီကို အနိုင်ရ

၂၀၂၂ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲရဲ့ နိုဝင်ဘာ ၂၂ ရက်ညပွဲစဉ်တွေ ယှဉ်ပြိုင်ကစားကြရာမှာ လက်ရှိချန်ပီယံ ပြင်သစ်အသင်းကအနိုင်ရပြီး  မက္ကစီကိုနဲ့ ပိုလန်၊ ဒိန်းမိတ်နဲ့ တူနီးရှားတို့ သရေကျကာ နာမည်ကြီး  အာဂျင်တီးနားကတော့ ရှုံးပွဲနဲ့ကြုံတွေ့ခဲ့ရပါတယ်။ 

မနေ့ညနေ အစောပိုင်း အုပ်စု (C ) ပွဲစဉ်မှာတော့ ကိုပါအမေရိကဖလား ချန်ပီယံ နာမည်ကြီးအာဂျင်တီးနားနဲ့ အာရှကိုယ်စားပြု အာရပ်ကမ္ဘာက ဆော်ဒီအာရေဗျအသင်းတို့ ယှဉ်ပြိုင်ကစားကြရာမှာ ဆော်ဒီက   ၂ ဂိုး ၁ဂိုးနဲ့ အနိုင်ရသွားပါတယ်။

ပထမပိုင်း ၁၀ မိနစ်ကတည်းက အာဂျင်တီးနားတို့ အငြင်းပွားဖွယ်ပင်နယ်တီရရှိခဲ့လို့ မက်ဆီက ဦးဆောင်ဂိုးသွင်းပါတယ်။ အာဂျင်တီးနားကပဲ ပထမပိုင်း တစ်ပိုင်းလုံး စိုးမိုးကစားခဲ့ပေမဲ့ ဆော်ဒီအသင်းရဲ့ ခံစစ်ကလည်း လူကျွံဘောတွေ စောင့်ဖမ်းပြီး အာဂျင်တီးနားတိုက်စစ်ကို ထိန်းချုပ်ခဲ့တာပါ။

ပထမပိုင်း အာဂျင်တီးနားက ၄ ဂိုးသွင်းခဲ့ပေမယ့် ၃ ဂိုးက လူကျွံဘောတွေဖြစ်လို့ ပယ်ဖျက်ခံခဲ့ရပါတယ်။ ဒုတိယပိုင်းမှာတော့ ပွဲအခြေအနေကပြောင်းလဲသွားခဲ့ပြီး ပွဲစလို့ ၃ မိနစ်အကြာမှာပဲ ဆော်ဒီတိုက်စစ်မှူး အယ်ရှက်ရီက ချေပဂိုးသွင်းသွားခဲ့ပါတယ်။ အာဂျင်တီးနားကွင်းလယ်က ပါရီဒက်စ်၊ ဂိုမက်ဇ်နဲ့ ဒီပေါလ်တို့ဟာ ထိရောက်တဲ့ဖန်တီးမှုတွေ မလုပ် ဆောင်နိုင်ခဲ့တာကြောင့်လည်း အာဂျင်တီးနားရဲ့ကစားပုံကလေးလံပြီး တိုက်စစ်ကစားပုံအား နည်း ခဲ့ပါတယ်။

ဆက်တိုက်ဆိုသလို နောက်ထပ် ၅ မိနစ်အကြာမှာ ဆော်ဒီတို့ဦးဆောင်ဂိုးရခဲ့ပြီး အယ်ဒါဆာရီက ဧရိယာအပြင်ဘက်ကနေ သေသေသပ်သပ်ကန်သွင်းယူခဲ့တာပါ။

အာဂျင်တီး နည်းပြ စကယ်လိုနီဟာ ခြေစွမ်းမပြနိုင်ခဲ့တဲ့ လူတွေအစား အယ်လ်ဗာရက်ဇ်၊ မာတီနက်ဇ်၊ ဖာနန်ဒက်ဇ်တို့ကိုထည့်ပြီး တိုက်စစ်ကစားပုံပြောင်းလဲခဲ့ပေမယ့် အလုပ်မဖြစ်ခဲ့သလို မက်ဆီဟာလည်း ခြေစွမ်းပျောက်ဆုံးနေခဲ့တာပါ။

ဒုတိယပိုင်းမှာ ဆော်ဒီအသင်းရဲ့ စုဖွဲ့ကစားပုံဟာ အဆင့်တစ် ခုမှာရှိခဲ့ပြီး သူတို့ရဲ့အာရပ်မြေမှာ တောင်အမေရိကသားတွေကို အနိုင်ယူနိုင်ခဲ့ပါတယ်။ ဒီရလဒ်ကြောင့် အာဂျင်တီးနားဟာ  လက်ကျန်နှစ်ပွဲဖြစ်တဲ့ မက္ကဆီကို၊ ပိုလန်ပွဲတွေမှာ မဖြစ်မနေနိုင်ပွဲတွေ ရယူနိုင်မှ အုပ်စုအဆင့်ကနေ ကျော်လွန်ဖို့မျှော်လင့်ချက်ရှိတော့မှာ ဖြစ်ပါတယ်။

အုပ်စု (C ) တခြားပွဲစဉ်တခုမှာတော့  မက္ကစီကိုနဲ့ ပိုလန်အသင်းတို့ ဂိုးမရှိ သရေကျပြီး တမှတ်စီခွဲယူခဲ့ကြပါတယ်။

အုပ်စု (D) ပွဲစဉ်မှာတော့ လက်ရှိချန်ပီယံ ပြင်သစ်က ဩစတြေးလျကို ( ၄- ၁) ဂိုးနဲ့ ခြေစွမ်းပြ အနိုင်ယူပြီး ၃ မှတ်ရယူနိုင်ခဲ့ပါတယ်။ 

ဒီပွဲမှာ ပြင်သစ်အသင်းဟာ ဩစတြေးလျအသင်းထက် ဘောလုံးပိုင်ဆိုင်မှုရော ဂိုးပေါက်ကန်သွင်းခွင့်တွေပါပိုမိုရခဲ့ပြီး ပွဲကို ထိန်းချုပ်ကစားသွားခဲ့တာ ဖြစ်ပါတယ်။ 

ပြင်သစ်အတွက် အနိုင်ဂိုးတွေကိုတော့ ပွဲချိန် ပထမပိုင်း ၂၇ မိနစ်မှာ ရာဘီယူက တဂိုး၊ ဂျရူးက ပွဲချိန် ၃၂ မိနစ်နဲ့ ၇၁ မိနစ်တွေမှာ နှစ်ဂိုး၊ အမ်ဘာပေးက  ဒုတိယပိုင်းပွဲချိန် ၆၈ မိနစ်မှာ တဂိုး သွင်းယူပေးခဲ့ပါတယ်။ ဩစတြေးလျအတွက် တလုံးတည်းသောဂိုးကို ဂွတ်ဒ်ဝင်းက ပွဲချိန် ၉ မိနစ်မှာ သွင်းယူခဲ့တာဖြစ်ပါတယ်။ 

အုပ်စု (D) တခြားပွဲစဉ်မှာတော့  ဒိန်းမတ်နဲ့ တူနီးရှားအသင်းတို့ ဂိုးမရှိ သရေကျပြီး ၁ မှတ်စီ ရယူနိုင်ခဲ့ပါတယ်။ 

ဒီညပွဲစဉ်တွေအပြီးအမှတ်ပေးဇယား  အုပ်စု (C) မှာ  ဆော်ဒီကအုပ်စုပထမ ၊ ပိုလန်နဲ့ မက္ကစီကို အုပ်စု ဒုတိယနဲ့ တတိယ နေရာမှာရပ်တည်နေပြီး အာဂျင်တီးနားက အုပ်စုအောက်ဆုံးမှာ ရှိနေပါတယ်။  အုပ်စု (D) မှာတော့  ပြင်သစ် အုပ်စု ပထမ၊ တူနီးရှားနဲ့ ဒိန်းမတ်က အုပ်စု ဒုတိယနဲ့ တတိယနေရာအသီးသီးမှာ ရပ်တည်နေပြီး  ဩစတြေးလျကတော့ အုပ်စု နောက်ဆုံးမှာ ရှိနေပါတယ်။ 

2 weeks Ago

November 17, 2022

ကမ္ဘာ့ဖလားပြိုင်ပွဲ အုပ်စုများ လေ့လာသုံးသပ်ချက် (အုပ်စု C)

ချန်ပီယံဖြစ်ဖို့ ရေပန်းစားတဲ့ အာဂျင်တီးနားအသင်း ပါဝင်နေတဲ့ အုပ်စု C မှာ မက္ကဆီကို၊ ပိုလန်နဲ့ ဆော်ဒီအာရေဗျအသင်းတို့ တွေ့ဆုံနေပါတယ်။

အာဂျင်တီးနား

ကလပ်အသင်းနဲ့ ဆုဖလားမျိုးစုံရယူပြီး နိုင်ငံအသင်းရောက်ချိန်မှာ ခြေစွမ်းမပြနိုင်တဲ့ လီယွန်နယ် မက်ဆီရဲ့ တချိန်တုန်းက အခြေအနေတွေက ခုတော့ ပြောင်းလဲသွားပါပြီ။

ပြီးခဲ့တဲ့နှစ်က ကိုပါအမေရိက ချန်ပီယံဖြစ်ခဲ့ပြီး ၂၈ နှစ်ကြာ ဆုဖလားလက်မဲ့နေမှုကို အဆုံးသတ်ခဲ့ပြီးနောက်မှာ မက်ဆီနဲ့အတူ အသင်းဖော်တွေကပါ နိုင်ငံတကာအဆင့်မှာ ပိုပြီး တောက်ပလာကြတယ်။

အာဂျင်တီးနားအသင်းဟာ ရှုံးပွဲမရှိရလဒ်နဲ့ ခြေစွမ်းပြနေတာ ၃၅ ပွဲဆက်တိုက်ရှိပါပြီ။ အုပ်စုသုံးပွဲစလုံးမှာ အမှားအယွင်းမရှိ ကျော်ဖြတ်နိုင်ခဲ့ရင် အီတလီအသင်း စံချိန်တင်ထားတဲ့ နိုင်ငံတကာပွဲ ၃၇ ပွဲဆက်တိုက် ရှုံးပွဲမရှိစံချိန်ကို ကျော်ဖြတ်နိုင်မှာဖြစ်တယ်။

အုပ်စုအခြေအနေအရ နောက်တဆင့်တက်ဖို့ ၉၀ ရာခိုင်နှုန်းအထိ သတ်မှတ်ခံထားရပြီး ပြိုင်ပွဲဝင်အသင်းတွေထဲမှာ နောက်တဆင့်တက်ဖို့ ရာခိုင်နှုန်းအများဆုံးအသင်း ဖြစ်နေတယ်။ တိုက်စစ်ပိုင်းမှာ အင်တာမီလန်က မာတီနက်ဇ် ခြေစွမ်းပြနေပေမဲ့ တွဲဖက်တိုက်စစ်မှူး ဒီဘားလားကတော့ ကြံ့ခိုင်မှုပြည့်ဝဖို့ ရုန်းကန်နေရတယ်။ ဒါပေမဲ့ မန်စီးတီးတိုက်စစ်မှူး အယ်ဗာရက်ဇ်ကလည်း စောင့်ကြည့်ရမယ့် ကစားသမားတဦး ဖြစ်လာနိုင်တယ်။

အုပ်စုပထမ မရခဲ့ရင် တဖက်အုပ်စုက ပြင်သစ်နဲ့ တွေ့ဆုံနိုင်လို့ အာဂျင်တီးနားအတွက် အမှားခံလို့မရတဲ့ ပွဲစဉ်တွေလို့ ဆိုနိုင်တယ်။ မက်ဆီဦးဆောင်မယ့် တိုက်စစ်အခင်းအကျင်းက စိတ်လှုပ်ရှားစရာကောင်းနေပြီး ဗိုလ်လုပွဲအထိ သွားဖို့ဆိုရင်တော့ ခံစစ်နဲ့ ကွင်းလယ်နေရာတွေမှာ ဟန်ချက်ညီညီ ကစားပြနိုင်ဖို့တော့ လိုအပ်နေပါသေးတယ်။

မက္ကဆီကို

ဒီအုပ်စုမှာ အာဂျင်တီးနားကို အုပ်စုပထမနေရာ ပေးထားမယ်ဆိုရင် ဒုတိယနေရာအတွက် ခန့်မှန်းရခက်တဲ့ အခြေအနေပါ။ အစဉ်အလာအရကတော့ ကွန်ကာကပ်ဖ်ဇုန်ထိပ်သီး မက္ကဆီကိုဟာ နောက်ဆုံး ကမ္ဘာ့ဖလားပြိုင်ပွဲ ၇ ကြိမ်မှာ ၇ ကြိမ်စလုံး ရှုံးထွက်အဆင့်အထိ တက်ရောက်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ မက္ကဆီကိုဟာ ၁၉၉၄ ကနေ ၂၀၁၈ ပြိုင်ပွဲအထိ ၁၆ သင်းအဆင့်လည်းတက်သလို ၁၆ သင်းအဆင့်မှာပဲ အိမ်ပြန်စောခဲ့ရတာချည်းပါပဲ။

၁၆ သင်းအဆင့်ကို ကျော်လွန်ပြီး ကွာတားဖိုင်နယ်တက်ခဲ့တာက ၁၉၈၆ အိမ်ရှင်လုပ်တဲ့ပွဲမှာပဲ ရှိခဲ့တယ်။ သူတို့ဖြတ်သန်းလာတဲ့ ခြေစစ်ပွဲခရီးကို ပြန်ကြည့်မယ်ဆိုရင်တော့ စုစုပေါင်း ၁၄ ပွဲမှာ ပင်နယ်တီမပါတဲ့သွင်းဂိုး ၁၃ ဂိုးပဲရခဲ့ပြီး ခြေစစ်ပွဲမအောင်ခဲ့တဲ့ ပနားမားထက်တောင် ၄ ဂိုး ကွာဟနေတာပါ။ ဒါဟာ ဟီမင်နက်ဇ်ဦးဆောင်တဲ့ တိုက်စစ်ပိုင်း အားနည်းမှုကို ပြသနေတယ်။ ဒါပေမဲ့ ၂၀၁၈ ကမ္ဘာ့ဖလားအုပ်စုအဆင့်မှာ ဂျာမနီကို ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့တာ၊ ၂၀၁၄ မှာ ဘရာဇီးကို သရေကစားပြခဲ့တာ၊ ၂၀၁၀ မှာ ပြင်သစ်ကို ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ယူပြခဲ့တာတွေက မက္ကဆီကိုဆိုတာ လျှော့တွက်လို့မရတဲ့အသင်းဆိုတာ သက်သေပြနေတယ်။

ပိုလန်

မက္ကဆီကိုနဲ့ အပြိုင်လုရမှာက ပိုလန်အသင်းဖြစ်တယ်။ အုပ်စုအဖွင့်ပွဲစဉ်မှာပဲ သူတို့နှစ်သင်း ထိပ်တိုက်ဆုံနေတာက အရှုံးအနိုင် အဖြေထွက်ရင်တော့ စောစောစီးစီး အဖြေပေါ်သွားနိုင်ခြေ ရှိတယ်။ ပိုလန်ဟာ မက္ကဆီကိုနဲ့အပြီးမှာ ဆော်ဒီ၊ ပြီးမှ အာဂျင်တီးနားနဲ့ ဆုံမှာဖြစ်တယ်။ အာဂျင်တီးနားနဲ့မတွေ့ခင် ၂ ပွဲမှာ ၄ မှတ် ဒါမှမဟုတ် ၆ မှတ်ရထားခဲ့ရင် လီဝန်ဒေါစကီး ဦးဆောင်တဲ့ ပိုလန်သားတွေအတွက် ရှုံးထွက်အဆင့်တက်ဖို့ လမ်းကြောင်းရှင်းသွားမှာ ဖြစ်တယ်။ ၁၉၇၄ နဲ့ ၁၉၈၂ ခုနှစ်ပြိုင်ပွဲတွေမှာ တတိယနှစ်ကြိမ်ရဖူးတဲ့ ပိုလန်သားတွေဟာ နောက်ဆုံးဝင်ပြိုင်ခွင့်ရတဲ့ ကမ္ဘာ့ဖလား ၃ ကြိမ် (၂၀၀၂၊ ၂၀၀၆၊ ၂၀၁၈) မှာတော့ ၃ ကြိမ်စလုံး အုပ်စုအဆင့်နဲ့သာ ကျေနပ်ခဲ့ရတယ်။

ဆော်ဒီအာရေဗျ

အာရှတိုက်ကိုယ်စားပြု ဆော်ဒီဟာ အခုနှစ်ပြိုင်ပွဲမှာ နောက်တဆင့်တက်ဖို့ ရာခိုင်နှုန်း ဒုတိယအနည်းဆုံး အသင်းအဖြစ် သတ်မှတ်ခံထားရတယ်။ နောက်ဆုံးခြေစမ်းပွဲ ၅ ပွဲမှာ အိုက်စလန်ကို အနိုင်ရခဲ့ပေမဲ့ ကျန် ၄ ပွဲမှာ ၂ ပွဲရှုံး၊ ၂ ပွဲသရေကျခဲ့တယ်။

ထင်ရှားတဲ့ စွမ်းဆောင်ရည်က တိုက်စစ်ပိုင်းအားနည်းမှုဖြစ်ပြီး နောက်ဆုံး ၁၅ ပွဲမှာ တဂိုးထက်ပိုပြီး သွင်းယူနိုင်တဲ့ပွဲ မရှိခဲ့တာပါပဲ။ ဒါဟာ စုစုပေါင်း ၃၆၄ ရက် ကြာမြင့်နေပြီဖြစ်တယ်။ အုပ်စုပြိုင်ဘက်တွေထဲမှာ အာဂျင်တီးနား ပါနေသလို မက္ကဆီကိုနဲ့ ပိုလန်အသင်းတွေလည်း ဖြစ်နေတော့ အာရှမြေမှာဆိုပေမဲ့ ဆော်ဒီအတွက် နောက်တဆင့် တက်ဖို့က အခွင့်အရေး နည်းပါးလွန်းလှပါတယ်။

ဝဏ္ဏကို

3 weeks Ago
More News
Up