ပိုလန်အစိုးရဟာ ဟွာဝေး နည်းပညာလုပ်ငန်းက တရုတ်ဝန်ထမ်းတယောက်နဲ့ ပိုလန် လုံခြုံရေး အရာရှိဟောင်း တယောက်ကို သူလျှိုမှု စွဲချက်တွေနဲ့ ဖမ်းထားတယ်လို့ အရာရှိတွေနဲ့ သတင်းရင်းမြစ်တွေက ဇန်နဝါရီ ၁၁ ရက်မှာ ပြောပါတယ်။
တယောက်ချင်းရဲ့ လုပ်ရပ်နဲ့ ပတ်သက်တဲ့ စွဲချက်တွေဟာ ဟွာဝေး နည်းပညာ ကုမ္ပဏီနဲ့ မပတ်သက်ဘူးလို့ ပိုလန် ပြည်တွင်း လုံခြုံရေးဌာန (ISA)ရဲ့ ပြောခွင့်ရ က ရိုက်တာ သတင်းဌာနကို ပြောပါတယ်။
သူတို့ကို စွဲချက်တွေနဲ့ ပတ်သက်ပြီး ကြားနာ စစ်ဆေးဖို့ ၃ လ ထိန်းသိမ်းထားမယ်လို့ သူက ဆက်ပြောပါတယ်။
ဟွာဝေး ဝန်ထမ်းဟာ ဝမ်ဝေ့ကျင်းဖြစ်ပြီး သူ့ကို ဖမ်းထားပေမယ့် တရားမစွဲရသေးဘူးလို့ သိရပါတယ်။
လင့်ခ်အင် အင်တာနက် စာမျက်နှာပေါ်က ကိုယ်ရေးရာဇဝင်အရ ဝမ်ဟာ ဟွာဝေးရဲ့ ပိုလန်ရုံးခွဲမှာ ၂၀၁၁ ကတည်းက အလုပ်ဝင်နေခဲ့တာပါ။
၂၀၀၆ ကနေ ၂၀၁၁ ခုနှစ် အတွင်း ဂန့်စ်မြို့က တရုတ်အထွေထွေ ကောင်စစ်ဝန်ရုံးမှာ သံမှူးအဖြစ် တာဝန်ထမ်းဆောင်ဖူးတယ်လို့ ဖော်ပြထားပါတယ်။
ပိုလန် အမျိုးသားကတော့ ISA အရာရှိဟောင်းဖြစ်ပြီး လုံခြုံရေးဌာနက သူလက်ရှိ အလုပ်လုပ်နေရာ အောရိန့်ခ်ျ ပိုလ်စကာ တယ်လီကွန်ဌာနရဲ့ ရုံးခန်းတွေကို ဝင်ရှာခဲ့တယ်လို့ ဒေသခံ ရုပ်သံ TVP က အစီရင်ခံပါတယ်။
ဟွာဝေးရဲ့ ပိုလန်ရုံးတွေကိုလည်း ရှာဖွေခဲ့တယ်လို့ TVPက ပြောပါတယ်။ သက်သေတွေကို လူသိရှင်ကြား ထုတ်မပြသေးပါဘူး။
ဟွာဝေးကတော့ အခိုင်အမာ ပြောဆိုချက်တွေကို ထပ်ခါတလဲ ငြင်းပါတယ်။ ဒါပေမယ့် စွဲချက်တွေကြောင့် ဟွာဝေးရဲ့ ဈေးကွက်တွေကို အနောက်နိုင်ငံ အတော်များများက ကန့်သတ်ခဲ့ ပြီးပါပြီ။
ကမ္ဘာ့အကြီးဆုံး တယ်လီကွန်ပစ္စည်း ထုတ်လုပ်သူ ဟွာဝေးဟာ တရုတ်အစိုးရနဲ့ ဆက်ဆံရေးနဲ့ ပတ်သက်ပြီး အနောက်နိုင်ငံတွေမှာ ပြင်းထန်တဲ့ စစ်ဆေးမှုတွေကို ရင်ဆိုင် နေရတာပါ။
သူလျှို ထောက်လှမ်းဖို့ ဟွာဝေးကို တရုတ်အစိုးရက သုံးကောင်း သုံးနိုင်တယ်လို့ အမေရိကန်က ဦးဆောင် စွပ်စွဲထားတဲ့အကြောင်း ရိုက်တာ သတင်းဌာနက အစီရင်ခံပါတယ်။
2 years Ago