ပိုမိုတင်းကြပ်

September 8, 2021

ရန်ကုန်အပါအဝင် မြို့အချို့တွင် စစ်ကောင်စီက ပိုမိုတင်းကြပ် စစ်ဆေး

NUG အစိုးရက စက်တင်ဘာ ၇ ရက်နေ့ကစပြီး အရေးပေါ်အခြေအနေ ကြေညာပြီးတာနဲ့ စစ်ကောင်စီဘက်က ရန်ကုန်မြို့နဲ့ တခြားမြို့တွေမှာ စစ်ဆေးရေးတွေကို ပိုမိုတင်းကြပ်လုပ်ဆောင်လာတယ်လို့ မြို့ခံတွေက ပြောပါတယ်။

စက်တင်ဘာ ၇ ရက်နေ့ ညနေ ၃ နာရီလောက်ကစပြီး ရန်ကုန်မြို့ တညင်းကုန်းလမ်းဆုံမှာ ဆိုင်ကယ်တွေ ကားတွေကို အရင်ကထက်ပိုပြီး အချိန်ကြာကြာစစ်ဆေးနေတာကြောင့် ညနေ ၆ နာရီလောက်မှာ ဆိုင်ကယ်ကားတန်းကြီးဟာ ရွှေပြည်သာတံတားအလွန်အထိ ရှည်လျားခဲ့ပါတယ်။

စျေးကားပေါ်က ပြည်သူတစ်ဦးက "အန်တီတို့က စောင့်နေတာ ၃ နာရီလောက်ရှိပြီ အရင်က ကားငါးစီးစာသွားလို့ရမဲ့အချိန် အခု ၁ စီးပဲ သွားလို့ရတယ်။ အခုက စက်ရုံဆင်းချိန် စျေးသည်တွေ ပြန်ချိန်နဲ့တိုက်နေတော့ ကားက တအားပိတ်သွားတာ။ ဒီလိုသာဆို ဒီည ကားပေါ်မှာ ညအိပ်ရမယ်ထင်တယ်'' လို့ ပြောပါတယ်။

ကားသမားတွေဟာ စောင့်ဆိုင်းနေရပြီး ဆိုင်ကယ်သမားတွေကတော့ လမ်းအောက်ကို မရရတဲ့နည်းနဲ့ ဆိုင်ကယ်တွေကို ရွှေ့ပြီး မိမိတို့အိမ်ကို အမီပြန်နေကြပါတယ်။ 

စက်ရုံလုပ်သားတွေကလည်း မစောင့်နိုင်တော့တာကြောင့် ကားတွေပေါ်က ဆင်းပြီး လမ်းလျှောက်ပြန်နေကြတာကို တွေ့ရပါတယ်။

ဆိုင်ကယ်ကယ်ရီသမားတစ်ဦးက "ဒီနေ့ အတွင်းလမ်းတွေသာ ထပ်ပိတ်ထားရင် သွားစရာနေရာမရှိတော့ဘူး။ အရင်တပ်စွဲထားတဲ့ နေရာတွေကလည်း ဆိုက်ကားတောင် အဖြတ်မခံတော့ ၅ မိနစ်သွားရမဲ့ ခရီးဆို ကြားလမ်းတွေပတ်သွားနေရတော့ နာရီဝက်လောက်ကြာတယ်။ ဒီနေ့ အရေးပေါ်အခြေအနေ ကြေညာလိုက်တော့ ဟိုဘက်က ကြောက်ပြီး အကုန်လိုက်စစ်နေကြတာ” လို့ ပြောပါတယ်။

အဲ့ဒီ့လို ကားပိတ်နေတဲ့ ကြားထဲမှာ တခြားတစ်နေရာကိုသွားကြမဲ့ စစ်ကား၊ ရဲကားတွေလည်း ကြားညပ်နေပြီး စောင့်ဆိုင်းနေရတာကို တွေ့ရပါတယ်။

အကြမ်းဖက်စစ်သားတွေဟာ ပရိုဘောက်ကား၊ Taxi ကား၊ ဆိုင်ကယ်တွေကို အဓိကထားစစ်နေပြီး ဆိုင်ကယ်တွေမှာ ဝက်အူလှည့်ဆောင်ထားရင်တောင် ဖမ်းနေတယ်လို့ စစ်ဆေးရေးဂိတ်က ဖြတ်လာတဲ့ ပြည်သူတစ်ဦးက ပြောပါတယ်။

မြန်မာနိုင်ငံမှာ အာဏာသိမ်းပြီးတဲ့နောက် စစ်ကောင်စီရဲ့ လုံခြုံရေးအတွက်ဆိုကာ ​အပြစ်မဲ့ပြည်သူတွေကို လမ်းတွေတိုင်းမှာ ရှာဖွေစစ်ဆေးတာတွေ ပြုလုပ်နေတာကြောင့် စားဝတ်နေရေးရုန်းကန်ရတာ ပိုမိုကြပ်တည်းလာပြီး လုပ်ကိုင်စားသောက်ရတာဟာ တစ်စတစ်စ ဘောင်ကျဥ်းလာကြပါတယ်။

1 year Ago

November 20, 2020

ရှမ်းပြည်နယ်တွင် ကိုဗစ်-၁၉ ကူးစက်နှုန်းတိုးလာသဖြင့် ပိုမိုတင်းကြပ်သွားမည်

ရှမ်းပြည်နယ် မှာ ကိုဗစ်-၁၉ ကူးစက်မှုနှုန်းပိုတိုးလာတဲ့အတွက် ရောဂါကာကွယ်ထိန်းချုပ်နိုင်ဖို့ ပိုမိုတင်းတင်းကြပ်ကြပ်ဆောင်ရွက်မယ်လို့ ရှမ်းပြည်နယ်အစိုးရအတွင်းရေးမှူး ဦးနေလင်းက နိုဝင်ဘာ ၂၀ နေ့က ပြောပါတယ်။ ရှမ်းပြည်နယ်မှာ နိုဝင်ဘာ ၁၉ နေ့ တရက်တည်း ကိုဗစ်-၁၉ လူနာသစ် ၂၀ တွေ့တဲ့အတွက် အနည်းဆုံးနှစ်ပတ် ပိုတင်းတင်းကြပ်ကြပ်ဆောင်ရွက်မယ်လို့ ဆိုပါတယ်။ ဦးနေလင်းက “စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်များ ဆိုင်ထိုင်စားသောက်တာ မရှိအောင်ကြီးကြပ်မယ်။ မြို့အဝင်စစ်ဆေးရေးဂိတ်တွေမှာ လုံခြုံရေးအင်အား အပြည့်ထားဖို့ အပါအဝင် mask campaign တွေ ကျယ်ကျယ်ပြန့်ပြန့်လုပ်မယ်။ ကျန်းမာရေးနဲ့ အုပ်ချုပ်ရေးဘက် တာဝန်ရှိသူတွေ အစည်းအဝေးဆုံးဖြတ်ချက်အရ နိုဝင်ဘာ ၂၀ နေ့က ညွှန်ကြားချက်တွေထုတ်ထားပါပြီ” လို့ ပြောပါတယ်။ တိုင်းနဲ့ပြည်နယ်တွေက ဝင်ရောက်မယ့် ယာဉ်မောင်း ယာဉ်နောက်လိုက်တွေဟာ သက်ဆိုင်ရာက ထုတ်ပေးတဲ့ ၇၂ နာရီထက်မကျော်လွန်တဲ့ ကိုဗစ်-၁၉ ကင်းရှင်းကြောင်း ဆေးစစ်ထောက်ခံစာပါရှိမှသာ ရှမ်းပြည်နယ်အတွင်း ဝင်ရောက်ခွင့်ပြုမယ်လို့ ရှမ်းပြည်နယ် မြောက်ပိုင်း နောင်ချိုမြို့နယ်၊ ခြေမြစ်ပင်စစ်ဆေးရေးဂိတ်နဲ့ ရှမ်းပြည်နယ်တောင်ပိုင်းအဝင် နမ့်ပန်တက်ဂိတ်တို့မှာ ကြေညာထားပါတယ်။ ရှမ်းပြည်နယ်အခြပြု ဒေသခံကုန်တင်ယာဥ်မောင်းကိုတော့ အဝင်ကော အထွက်ကော စစ်ဆေး‌ပေးမှာဖြစ်ပြီး အခြားဒေသကလူတွေကတော့ ရှမ်းပြည်ကအထွက်မှာထုတ်ပေးတဲ့ ထောက်ခံစာနဲ့ ပြန်ဝင်လို့ မရတော့ပါဘူးလို့ ရှမ်းပြည်နယ်အစိုးရ ညွှန်ကြားရေးမှူး ဦးကျော်ဆွေဝင်းက ပြောပါတယ်။ ရှမ်းပြည်နယ်မှာ နိုဝင်ဘာ ၁၉ နေ့ထိ ပိုးတွေ့လူနာ ၂၉၈ ဦးရှိတဲ့အနက် ဆေးရုံဆင်းသူ ၁၄၁ ဦး၊ သေဆုံးသူ ၁ ဦးနဲ့ လက်ရှိ ၁၅၆ ဦး ဆေးရုံမှာ ကုသမှုခံယူနေတယ်လို့ သိရပါတယ်။  
2 years Ago
Up