ပိုမိုကူညီ

May 4, 2020

ကိုရိုနာကြောင့် ထိခိုက်ခံ ပြည်သူများကို ပိုမိုကူညီရမည်ဟု ဒေါ်နယ်ထရမ့်ပြော

ကိုရိုနာဗိုင်းရပ်စ်ကူးစက်ကပ်ဘေးကြောင့် စီးပွားရေးထိခိုက်မှုဒဏ်ခံရတဲ့ အမေရိကန်ပြည်သူတွေ ဘေးသင့်မှု ပြေလျော့စေရေး၊ လိုအပ်တာတွေ ကူညီဖို့ ပိုလုပ်ရလိမ့်မယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောလိုက်ပါတယ်။  ဒါဟာ သမ္မတက အကူအညီပေးရေး ဥပဒေမူကြမ်းနောက်ထပ် တခုကို အောက်လွှတ်တော် က အတည်ပြုပေးစေချင်လို့ စကားရိပ်သန်းတဲ့ လက္ခဏာ ဖြစ်နိုင်တယ်လို့ ရိုက်တာသတင်းဌာနက မေ ၄ ရက်မှာ ဖော်ပြပါတယ်။  အကြပ်အတည်းကာလ စီးပွားရေးအကြီးအကျယ် ထိခိုက်မှု သက်သာစေရေး ရည်မှန်း ထားတဲ့ အမေရိကန်ဒေါ်လာ ၃ ထရီလီယံတန် ဥပဒေမူကြမ်းကို အောက်လွှတ်တော်က အတည်ပြု ပေးခဲ့အပြီး အထက်လွှတ်တော်က အတည်မပြုခင်မှာ ထရမ့်က ခုလို မှတ်ချက်စကား ပြောခဲ့တာပါ။  “ဒါဟာ ခင်ဗျားတို့ အပြစ် မဟုတ်ပါဘူး။ ပိုများတဲ့ အကူအညီတွေ လာဖို့ရှိတယ် လာရလိမ့်မယ်” လို့ ထရမ့်က လင်ကွန်းအမှတ်တရဗိမာန်မှာ ဖောက်စ်နယူးစ်သတင်းဌာနနဲ့ လုပ်တဲ့ လူထုအခြေပြမိန့်ခွန်းအတွင်း ပြောပါတယ်။  အတိုက်အခံ ဒီမိုကရက်ပါတီဝင်တွေကလည်း ပြည်နယ်နဲ့ ဒေသန္တရအစိုးရတွေအတွက် ကယ်ဆယ်ရေးအစီအမံတွေကို ပံ့ပိုးချင်တာ သေချာကြောင်း ပြောပါတယ်။  သူတို့ တင်ပြတဲ့ ဥပဒေမူကြမ်းက ပိုကျယ်ပြန့်ပြီး စုစုပေါင်း အမေရိကန်ဒေါ်လာ ၂ ထရီလီယံ ကုန်ကျနိုင်ပါတယ်။  ဒါကြောင့် အာဏာရပါတီ ရီပတ်ဗလစ်ကင်ပါတီဝင်တွေက ဒီမိုကရက်တွေရဲ့ အတွေး အခေါ်ဟာ ဆီလျော်မှု မရှိလောက်အောင် အကုန်အကျ များလွန်းတယ်လို့ ဝေဖန် ခဲ့ကြပါတယ်။  ကိုရိုနာဗိုင်းရပ်စ် ကူးစက်ကပ်ဘေးအတွင်း အသွားအလာကန့်သတ် လော့ဒေါင်းချထားတာ ကို အမေရိကန်နိုင်ငံတွင်း ပြည်နယ်အားလုံးရဲ့တဝက်လောက်က တစိတ်တပိုင်း ပြန်ဖွင့်ခဲ့ကြ ပြီးပါပြီ။ ကန့်သတ်ချက်တွေကြောင့် စီးပွားရေး ထိုးကျသွားခဲ့လို့ သက်သာရေးအစီအစဉ်တွေကို ပြည်သူတွေက လှုပ်ရှားတောင်းဆိုနေကြပါတယ်။ မေလ ၄ ရက် ညနေလေးနာရီထိ အတည်ပြုချက်အရ အမေရိကန်နိုင်ငံထဲမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံဦးရေ အယောက် ၁၁ သိန်း ၈ သောင်းကျော်ရှိပြီး ကူးစက်ခံ ၆၈၆၀၂ ဦး သေဆုံးခဲ့ပြီးပါပြီ။
12 months Ago
Up