ကားထုတ်လုပ်တဲ့ လုပ်ငန်းရှင်တွေဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ကပ်ဘေးအတွင်း အစိုးရတွေရဲ့ တောင်းဆိုချက်အရ အသက်ရှူ အားကူစက်တွေနဲ့ ဆေးဘက်သုံး မျက်နှာဖုံးတွေကို ပိုထုတ်လုပ်ရာမှာ ကူညီမယ်လို့ အဖြေပေးလိုက်ကြပါတယ်။
ဖိယက်ကားလုပ်ငန်းက တရုတ်နိုင်ငံမှာရှိတဲ့ သူ့ကားစက်ရုံတရုံကို တလအတွင်း ဆေးဘက်သုံး မျက်နှာဖုံး အခုရေ ၁ သန်းထုတ်နိုင်တဲ့ စက်ရုံအဖြစ် တနင်္လာနေ့ကစပြီး ပြောင်းလဲလိုက်ပါတယ်။
လာမယ့် သီတင်းပတ်အတွင်း ထုတ်လုပ်မှု စချင်တယ်လို့ အမှုဆောင်အရာရှိချုပ် မိုက်မန်လေက အီးမေးလ်ကနေ ဖြေကြားပါတယ်။
တခြား အကြီးစားကားလုပ်ငန်းတွေကလည်း ကားထုတ်လုပ်ရာကနေ အသက်ရှူ အားကူစက်တွေ ပြောင်းပြီး ထုတ်လုပ်ဖို့ နည်းလမ်း ရှာနေပါတယ်။
အမေရိကန်နိုင်ငံက General Motors, Ford နဲ့ Tesla ကားလုပ်ငန်းတွေကလည်း ဂျပန် ကားလုပ်ငန်း နစ်ဆန်းနဲ့ ဗြိတိန်က ဖော်မြူလာဝမ်းအဖွဲ့နဲ့အတူ အသက်ရှူ အားကူစက်တွေ ပိုထုတ်လုပ်ဖို့ ကုန်ကြမ်းတွေ မှာယူရေး ထောက်ပံ့ဖို့ ကတိပြုလိုက်ကြပါတယ်။
ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ဟန့်တားရေး ကြိုးစားတဲ့အနေနဲ့ အမေရိကန်၊ ဥရောပနဲ့ အာရှက အကြီးစားကားစက်ရုံတွေမှာ ထုတ်လုပ်မှု ရပ်ဆိုင်းခဲ့ကြတာပါ။
ဒါပေမဲ့ အသက်ရှူအားကူစက်တွေနဲ့ တခြား မရှိမဖြစ် အရေးကြီးတဲ့ ဆေးဘက်သုံး ပစ္စည်းကိရိယာတွေ ထုတ်လုပ်ရာမှာ ကူညီဖို့ ကတိပေးနေကြပါတယ်။
အသက်ရှူအားကူစက်တွေ ထုတ်လုပ်ရာမှာ အရှိန်မြှင့်တင်နိုင်ရေး ဆေးဘက်ပစ္စည်း ခွင့်ပြုချက်လုပ်ငန်းစဉ်မှာ အဟန့်အတားတွေကို ဖြေလျှော့ပေးပြီးပြီလို့ အမေရိကန် စားနပ်ရိက္ခာနဲ့ ဆေးဝါးစီမံရေးဌာန (FDA) က ကြေညာခဲ့ပါတယ်။
ကားထုတ်လုပ်သူတွေဟာ တခြားထုတ်လုပ်မှုပုံစံတခုကို ပြောင်းရတာ လွယ်မှာတော့ မဟုတ်ဘူးလို့ ပညာရှင်တချို့က သတိပေးခဲ့ကြပါတယ်။
12 months Ago