ပိုင်ရှင်မဲ့ မူးယစ်ဆေးများ

August 6, 2020

တာချီလိတ်တွင်  ငွေကျပ် ၆ ဒသမ ၃ ဘီလီယံကျော် တန်ဖိုးရှိ ပိုင်ရှင်မဲ့ မူးယစ်ဆေးများဖမ်းမိ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်မှာ ငွေကျပ် ၆ ဒသမ ၃ ဘီလီယံကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးတွေနဲ့   လက်နက်၊ ခဲယမ်းတွေနဲ့  ဖမ်းဆီးရမိခဲ့တယ်လို့ တပ်မတော်က ဒီနေ့မနက် သတင်းထုတ်ပြန်ပါတယ်။  တာချီလိတ်မြို့နယ်အတွင်း လုံခြုံရေး ဆောင်ရွက်နေတဲ့ တပ်ဖွဲ့ဝင်တွေက မနေ့ မွန်းလွဲပိုင်း ၂ နာရီလောက်က  ပန်ကူ(အခါ)ကျေးရွာအနီး လူမနေတဲ့ မသင်္ကာဖွယ် အဆောက်အအုံ တစ်လုံးကို တွေ့ရှိပြီး  ဝင်ရောက်ရှာဖွေရာမှာ တွေ့ရှိခဲ့တာပါ။ အဆောက်အအုံထဲကနေ အမေရိကန်နိုင်ငံလုပ် ၉ မမ ပစ္စတို ၁ လက်၊ ကျည်အိမ် ၁ ခု၊ ကျည် ၇ တောင့်၊ WY စာတမ်းပါစိတ်ကြွရူးသွပ်ဆေးပြား ၇၇၃၀၀၀ ပြား၊ ပန်းရောင်၊ လိမ္မော်ရောင်စိတ်ကြွဆေးမှုန့် ၃၄၀ ကီလိုဂရမ်ခန့်၊ ကဖင်းအဖြူရောင်အမှုန့် ၆၀၀ ကီလိုဂရမ်လောက်နဲ့ မူးယစ်ဆေးဝါးထုတ်လုပ်တဲ့ ဆက်စပ်ပစ္စည်းတွေ တွေ့ရှိသိမ်းဆည်းခဲ့တာပါ။ အဆိုပါ သိမ်းဆည်းရမိတဲ့ လက်နက်၊ ခဲယမ်းတွေနဲ့ မူးယစ်ဆေးဝါးတွေကို တာချီလိတ်မြို့နယ်၊ မူးယစ်တပ်ဖွဲ့စုသို့ လွှဲပြောင်းအပ်နှံခဲ့တယ်လို့ တပ်မတော်သတင်းအရ သိရပါတယ်။ ဓာတ်ပုံ-DSINFO
1 year Ago
Up