ပိုင်ရှင်မဲ့သစ်

March 7, 2020

ဧရာဝတီတိုင်းတွင် ၁ ရက်တည်း ပိုင်ရှင်မဲ့သစ် ၂၄ တန်ကျော် ဖမ်းမိ

ဧရာဝတီတိုင်း ပုသိမ်၊ ဘိုကလေးနဲ့ မြန်အောင်မြို့နယ်တွေမှာ မတ်လ ၅ ရက်နေ့ ၁ ရက်တည်း တရားမဝင် သစ်တန်ချိန် ၂၄ ကျော်ကို သစ်တောဦးစီးဌာနတာဝန်ရှိသူတွေက ဖမ်းဆီးနိုင်ခဲ့တယ်လို့ သိရပါတယ်။ သတင်းအရ သစ်တောဦးစီးဌာန တာဝန်ရှိသူတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေ ပူးပေါင်းဖမ်းဆီးခဲ့တာဖြစ်ပြီး ဘိုကလေးမြို့နယ်၊ ရွာသစ်ကျေးရွာမှာ တရားမဝင် အခြားသား ခွဲသား ၆၃ ချောင်း၊ သစ်တန်ချိန် ၁၄ တန်ကျော်ကို ပိုင်ရှင်မဲ့ဖမ်းမိခဲ့တယ်လို့ တိုင်းဒေသကြီးသစ်တောဦးစီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။ ပုသိမ်မြို့နယ် သဘော့ကန်ကျေးရွာအုပ်စု မာသား ချောင်းအတွင်းမှာ တရားမဝင် သစ်ခွဲသား ၁၇ ချောင်း၊ သစ်တန်ချိန် ၃ တန်ကျော်နဲ့ မြန်အောင်မြို့နယ် တောင်မြန်အောင်ကြိုးဝိုင်း အကွက်အမှတ် ၂၀၂၊ ၂၀၃၊ ၂၀၄ ထဲမှာ တရားမဝင်သစ်ခွဲသား ၃၉ ချောင်း၊ သစ်တန်ချိန် ၇ တန်ကျော်ကို သစ်တောဦးစီးဌာနကတာဝန်ရှိသူတွေ၊ ရဲတပ်ဖွဲ့ဝင်တွေနဲ့ ကျေးရွာတာဝန်ရှိသူတွေက ဖမ်းမိခဲ့တာပါ။ ဖမ်းဆီးခဲ့တဲ့ တရားမဝင်သစ်တွေနဲ့ပတ်သက်ပြီး တရားခံတွေကို စုံစမ်းဖော်ထုတ်နေပြီး တရားဥပဒေနဲ့အညီ ထိရောက်စွာအရေးယူဆောင်ရွက်သွားမယ်လို့ သိရပါတယ်။ ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်၊ တောင်ကြီးရွာအနီးမှာ မတ်လ ၃ ရက်နေ့က တရားမဝင်သစ်ခွဲသား ၁၁၄ ချောင်း သစ်တန်ချိန် ၆ တန်ကျော်ကို ပိုင်ရှင်မဲ့ ဖမ်းဆီးမိခဲ့တယ်လို့ သိရပါတယ်။ မင်းထက်မုန်း (ပုသိမ်)
1 year Ago

February 11, 2020

ပုသိမ်ခရိုင်၌ ၁ ပတ်အတွင်း ပိုင်ရှင်မဲ့သစ် ၄၄ တန် ကျော်နှင့် စက်လှေ ၂ စီးဖမ်းမိ

ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်အတွင်းက သာပေါင်းမြို့နယ်နဲ့ ရေကြည်မြို့နယ်မှာ ၁ ပတ်အတွင်း ပိုင်ရှင်မဲ့သစ် ၄၄ တန်ကျော်နဲ့အတူ စက်လှေ ၂ စီး ဖမ်းမိခဲ့တယ်လို့ သိရပါတယ်။ ရေကြည်မြို့နယ် ပန်းပုကွင်းကျေးရွာအုပ်စုအတွင်း ပုသိမ်-မုံရွာကားလမ်းဘေး မိုင်တိုင် အမှတ် (၃၅/၆)နဲ့ (၃၅/၇)ကြားမှာ မြို့နယ်သစ်တောဦးစီးဌာနက သစ်တောဝန်ထမ်းတွေ၊ ရဲတပ်ဖွဲ့ဝင်တွေ ကျေးရွာအုပ်ချုပ်ရေးမှူးတွေပါဝင်တဲ့ အဖွဲ့က ရပ်တန့်ထားတဲ့ ၁၂ ဘီးကားပေါ်က တရားမဝင် တောင်သရက်ခွဲသား ၄၆ ချောင်း၊ ၈.၉၉၆၂ တန်ကို ပိုင်ရှင်မဲ့ ဖမ်းမိခဲ့တာလို့ တိုင်းဒေသကြီးသစ်တောဦးစီးဌာနက ထုတ်ပြန်ပါတယ်။ ဖေဖော်ဝါရီ ၇ ရက်နေ့က သာပေါင်းမြို့နယ်၊ သမင်ကုန်းကျေးရွာအုပ်စု၊ သရက်ကုန်း ချောင်းအတွင်းမှာ မြို့နယ်သစ်တောဦးစီးဌာနက ဦးစီးအရာရှိ ဦးဆောင်တဲ့ သစ်တောဝန်ထမ်းတွေ လွှတ်တော်ကိုယ်စားလှယ် ဦးအောင်အောင်ဦးနဲ့ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်တဲ့ ပူးပေါင်းအဖွဲ့က စက်လှေ ၂ စီးပေါ်မှာ တင်ဆောင်ထားတဲ့ တရားမဝင်တောင်သရက်ခွဲသား ၂၀၅ ချောင်း၊ ၃၅.၅၀၈၅ တန်ကို ပိုင်ရှင်မဲ့ဖမ်းမိခဲ့တယ်လို့ ပူးပေါင်းအဖွဲ့မှာ ပါဝင်ခဲ့သူတဦးက ဒီဗွီဘီကို ပြောပါတယ်။ ပိုင်ရှင်မဲ့သစ် ၄၄ တန် ကျော်နဲ့ စက်လှေ ၂ စီး ဖမ်းမိခဲ့တာနဲ့ပတ်သက်ပြီး ဆက်စပ်ပတ်သက်တဲ့ တရားခံတွေကို စုံစမ်းရှာဖွေဖော်ထုတ်ကာ ဥပဒေနဲ့အညီ ထိရောက်စွာ အရေးယူနိုင်ဖို့ သက်ဆိုင်ရာ ရဲစခန်းတွေမှာ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။ ရေကြည်မြို့နယ်၊ ဂွ-ငါးသိုင်းချောင်းကားလမ်း မိုင်တိုင်အမှတ် ၁ ၂/၂ အနီးမှာ သစ်တော ဝန်ထမ်းတွေ ရဲတပ်ဖွဲ့ဝင်တွေပါဝင်တဲ့ ပူးပေါင်းအဖွဲ့က ဖေဖော်ဝါရီလ ၁၀ ရက်နေ့ ညပိုင်းက ဦးဇော်မျိုးနိုင်မောင်းနှင်လာတဲ့ ၆ ဘီးကားပေါ်က တရားမဝင် အခြားခွဲသား ၅၉ ချောင်း၊ ၇.၃၇၇၀ တန်ကို ဖမ်းမိခဲ့ပြီး ဦးဇော်မျိုးနိုင်ပါ ၄ ဦးကို ရေကြည်မြို့မရဲစခန်းမှာ သစ်တောဥပဒေပုဒ်မ ၄၁(က)နဲ့ အမှုဖွင့်ထားပါတယ်။ ရေကြည်မြို့နယ်မှာ ဇန်နဝါရီလ ၁ ရက်နေ့နဲ့ ၇ ရက်နေ့တွေမှာ ညောင်ပင်သာ ကျေးရွာအုပ်စု၊ညောင်ပင်သာချောင်းအနီးနဲ့ ကြပ်ကွင်းကျေးရွာအုပ်စု၊ ညောင်ပင်ကွင်းကျေးရွာအနီး တရားမဝင် တောင်သရက်ခွဲသား ၁၉၂ ချောင်း၊ တန် ၃၀ ကျော်ကို ပိုင်ရှင်မဲ့ ဖမ်းမိခဲ့တယ်လို့ တိုင်းရဲတပ်ဖွဲ့ရဲ့မှတ်တမ်းတွေအရ သိရပါတယ်။ မင်းထက်မုန်း (ပုသိမ်)
1 year Ago
Up