ပိုင်ရှင်မဲ့တရားမဝင်သစ်

May 12, 2020

မြန်အောင်မြို့နယ်တွင် ပိုင်ရှင်မဲ့ တရားမဝင်သစ် ၉ တန်ကျော် ဖမ်းဆီးရမိ

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်မြို့နယ် မျှင်ဝါးတောင်သစ်တောကြိုးဝိုင်းအတွင်းမှာ မေလ ၁၁ ရက် မနက်က တရားမဝင် ကျွန်းသစ်နဲ့ ပျဉ်းကတိုးသစ် ၉ တန်ကျော်ဖမ်းဆီးရမိခဲ့ပါတယ်။ ဟင်္သာတခရိုင်သစ်တောဦးစီးဌာန သစ်တောရဲ ရဲတပ်ကြပ်ကြီးရာဇာသူက "မျှင်ဝါးတောင်ဘိနယ်အပိုင်မှာ မိတာပါ။ ကျွန်းရောပျဉ်းကတိုးရော ၉ တန်ကျော်မယ်။ ကျနော်တို့က ပုံမှန်စစ်ကြောင်းထိုးနေတာပါ။ အဓိက သစ်ခိုးထုတ်မှု ပပျောက်ရေးနဲ့ သစ်တောပြုန်းတီးမှု ကာကွယ်တဲ့အနေနဲ့ ပုံမှန်စစ်ကြောင်းနဲ့ ရှာဖွေဖမ်းဆီးလျက်ရှိပါတယ်​။ ခုက ပိုင်ရှင်မဲ့ဖြစ်နေလို့ ဆက်စပ်ပြီး ပိုင်ရှင်ဖော်ထုတ်ဖို့လုပ်နေပါတယ်” လို့ ပြောပါတယ်။ ဟင်္သာတခရိုင်အတွင်းမှာမြို့နယ် ၆ ခုရှိပြီး  ကြံခင်း၊ မြန်အောင်၊ အင်္ဂပူ၊ လေးမျက်နှာ မြို့နယ်တွေမှာ အများဆုံး ကျွန်းစိုက်ခင်း၊ သဘာဝတော၊ စီးပွားဖြစ် သစ်စိုက်ခင်းနဲ့ အစုအဖွဲ့ပိုင် စိုက်ခင်းတွေကို သစ်တောဦးစီးဌာနကဦးဆောင်ပြီး ပုဂ္ဂလိကအပိုင်း၊ ကျေးရွာပိုင်း စတဲ့ စိုက်ခင်းတွေကို အကောင်အထည်ဖော်လုပ်ဆောင်နေကြပါတယ်။ သစ်ထုတ်လုပ်ရေးအနေနဲ့ ဟင်္သာတခရိုင်အတွင်းမှာ မျှင်ဝါးတောင်ကြိုးဝိုင်းအတွင်းရှိ သစ်တောကို အခြားသစ်မာသားတွေလည်း ထုတ်လုပ်နေပါတယ်။ နှစ်စဉ် ဟင်္သာတခရိုင်အတွင်းမှာ တရားမဝင်သစ် တန် ၁၅၀ ကျော် ဖမ်းဆီးရမိနေပြီး ဖမ်းဆီးရမိတဲ့သစ်တွေကိုတော့ တိုင်းဒေသကြီး အစိုးရအစီအစဉ်နဲ့ လေလံစနစ်နဲ့ ရောင်းချ နေပါတယ်။ သတင်း- သန်းထိုက်မြင့်
11 months Ago
Up