ပိုင်ကျုံမြို့နယ်

October 13, 2021

ပိုင်ကျုံမြို့နယ်တွင် ကွန်ပျူတာသင်တန်းနှင့် စက်ချုပ်သင်တန်း ကေအန်ယူက ဖွင့်လှစ်ပေး

ကရင်ပြည်နယ်၊ ​ပိုင်ကျုံမြို့နယ်(ကေအန်ယူ တပ်မဟာ ၇ ထိန်းချုပ်နယ်မြေ)မှာ ဒေသတွင်းက လူငယ်တွေ အလုပ်အကိုင် အခွင့်အရေးရရှိစေဖို့အတွက်  ကွန်ပျူတာသင်တန်းနဲ့ စက်ချုပ်သင်တန်း  ဖွင့်လှစ်သင်ကြားပေးနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အဆိုပါသင်တန်းကို ကေအန်ယူ၊ တပ်မဟာ ၇ ၊ပိုင်ကျုံမြို့နယ်ဥက္ကဋ္ဌရဲ့ ဦးဆောင်မှုနဲ့ အောက်တိုဘာ ၁၁ ရက်က  ဒေသတွင်းက လူငယ်တွေ အလုပ်အကိုင်ရရှိစေဖို့နဲ့ မိသားစုဝင်ငွေရရှိစေဖို့ ရည်ရွယ်ပြီး ဖွင့်လှစ်ပေးခဲ့တာဖြစ်ပြီး သင်တန်းသား သင်တန်းသူ ၅၀  ကျော်တက်ရောက်ခဲ့ပါတယ်။

ပိုင်ကျုံမြို့နယ် ဥက္ကဋ္ဌ ပဒိုစောဆာပုလဲဒီဝမ်းက"ကလေးတွေ ကျောင်းမတက်ရတော့ သူတို့မှာ အသက်မွေးဝမ်းကျောင်းမရှိဘူး။ မိသားစုဝင်ငွေရရှိဖို့အတွက် ဖွင့်လှစ်ပေးတာ"လို့ ဆိုပါတယ်။

ဆက်လက်​ပြီး သင်တန်းတွေ ထပ်မံဖွင့်လှစ်ပေးသွားမယ့်အပြင်  မြို့နယ်နဲ့ အနီးဝန်းကျင် ကျေးရွာက သင်တန်းတက်ရောက်လိုသူတွေကိုပါ လက်ခံဖွင့်လှစ်ပေးနိုင်ဖို့ စီစဥ်ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

ပိုင်ကျုံမြို့ခံ တစ်ဦးက"ဒီသင်တန်းကို ကေအန်ယူက ဖွင့်လှစ်ပေးတာ ကြိုဆိုတယ်။ အခု ကလေးတွေ ကျောင်းတွေက ပိတ်ထားတော့ အလုပ်အကိုင်ကမရှိ။ စိတ်တွေ လေလွင့်နေမဲ့အစား အခုလိုမိသားစု ဝင်ငွေရအောင် အသက်မွေးဝမ်းကျောင်းပညာ သင်ပေးတာ ကျေးဇူးအများကြီးတင်ပါတယ်"လို့ ဆိုပါတယ်။

ကွန်ပျူတာသင်တန်းကို သင်တန်းသား ၂၀ ဦးတက်ရောက်ပြီး စက်ချုပ်သင်တန်းကို သင်တန်းသူ သင်တန်းသား ၅၅ ဦး တက်ရောက် သင်ယူနေတာပါ။

​ကေအန်ယူထိန်ချုပ်နယ်မြေဖြစ်တဲ့ ပိုင်ကျုံမြို့နယ်အတွင်းမှာ အကြမ်းဖက်စစ်ကောင်စီက အင်အားတိုးချဲ့ပြီး စစ်ရေးလှုပ်ရှားမှုတွေပြုလုပ်နေတဲ့အပြင် စောင့်ကြည့်မှုတွေကြားက အဆိုပါသင်တန်းကို ဖွင့်လှစ်ခဲ့ရတာလို့ ကေအန်ယူတာဝန်ရှိသူက ဆိုပါတယ်။

1 year Ago

October 8, 2021

ပိုင်ကျုံမြို့နယ်တွင် BGF မိသားစုဝင်​ ၄ ဦး ပစ်သတ်ခံရ

ကရင်ပြည်နယ်၊ ပိုင်ကျုံမြို့နယ်၊ နောင်မြလွှဲကျေးရွာအနီးမှာ အောက်တိုဘာ ၇ ရက် မနေ့ ည ၁၁ နာရီလောက်က BGF  နယ်ခြားစောင့်တပ်ဖွဲ့ဝင်တယောက်ရဲ့ နေအိမ်ကို လက်နက်ကိုင်တစ်စုက လာရောက်ပစ်ခတ်ခဲ့တဲ့အတွက် ၄ ယောက် သေဆုံးသွားတယ်လို့  ဒေသခံတွေက ပြောပါတယ်။

အမှတ် ၁၀၁၉ နယ်ခြားစောင့်တပ်ရင်းက တပ်ဖွဲ့ဝင်မိသားစုကို လက်နက်ကိုင်တစ်စုက လာရောက်ပစ်ခတ်ခဲ့တဲ့အတွက် BGF  တပ်ဖွဲ့ဝင်နဲ့  သူ့ရဲ့ ဇနီးအပြင်  ကလေး ၂ ယောက် စုစုပေါင်း  ၄ ယောက် သေဆုံးတယ်လို့ သူတို့နဲ့နီးစပ်သူတစ်ဦးက အတည်ပြုပြောပါတယ်။

နောင်မြလွှဲကျေးရွာသား တစ်ဦးက"ညက သေနတ်သံတွေကြားတယ်။ BGF  မိသားစု ၄ ဦးသေတယ်။ စစ်ကောင်စီရဲ့ လက်ပါးစေမို့ ရွာမှာ လာနေတာ ရွာသားတွေက သိပ်မကြိုက်ဘူး။"လို့ ပြောပါတယ်။

နယ်ခြားစောင့်တပ်ဖွဲ့ မိသားစုတိုက်ခိုက်ခံရပြီးနောက် နောင်မြလွှဲကျေးရွာကို BGF  တပ်က ကား ၉ စီးနဲ့လာရောက်ပြီး စစ်ဆေးခဲ့ပါတယ်။

ဖေဖော်ရီ ၁ ရက် စစ်အာဏာသိမ်းပြီးနောက် ကရင်ပြည်နယ်အတွင်း စစ်ကောင်စီရဲ့တပ်နဲ့ BGF  တပ်တွေက ကေအန်ယူထိန်းချုပ်နယ်မြေတွေကို ဝင်ရောက်တိုက်ခိုက်တာ၊ ဆန္ဒပြပြည်သူတွေကို လိုက်လံဖမ်းဆီးတာ၊ ဒေသခံတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်တာတွေ ကျူးလွန်ခဲ့ကြပါတယ်။

1 year Ago
Up