ပိုင်ရှင်မဲ့ မီးလောင်ကား

May 3, 2018

တံတားပေါ်မှ ဝါယာဖြင့်ချည်ပြီး တွဲလောင်းကျနေသည့် ပိုင်ရှင်မဲ့ မီးလောင်ကား ပဟေဠိဖြစ်နေ

ကနေဒါနိုင်ငံ တိုရန်တိုမြို့က တံတားတခုမှာ မီးလောင်ပျက်စီးထားတဲ့ ကားတစီးကို ဝါယာကြိုးနဲ့ချည် တွဲလောင်းချထားတာက လူတွေကို ပဟေဠိဖြစ်စေပြီး ရဲတွေကတော့ ဒါက နောက်ပြောင်သူတွေရဲ့လက်ချက် ဖြစ်မယ်လို့ ယူဆနေပါတယ်။ မေလ ၂ ရက်နေ့ မနက် ၇ နာရီလောက်က တိုရန်တိုမြို့ မေးလ်ဝုဒ်တံတားပေါ်ကနေ ကေဘယ်လ်ဝါယာကြိုးနဲ့ ချည်ပြီး တွဲလောင်းချထားတဲ့ အပြာရောင် ဟွန်ဒါစီဗစ်ကားကို မြင်တဲ့ ကားသမားတွေအတွက် မေးခွန်းထုတ်စရာဖြစ်နေပြီး ကနေဒါရဲတွေကတော့ အစပိုင်းမှာ ဒါက ရုပ်ရှင်ရိုက်နေတာလို့ ထင်ခဲ့ကြပေမယ့် နောက်ပိုင်း ဒီကားနဲ့ပတ်သက်လို့ ရုပ်ရှင်ရိုက်ခွင့်ပြုထားတာ မရှိဘူးဆိုတာ အတည်ပြုခဲ့ပါတယ်။ မီးသတ်သမားတွေကိုခေါ်ပြီး မနက် ၁၁ နာရီမတိုင်ခင် ကားကို ဖြုတ်ချဖယ်ရှားခဲ့ပြီး ရဲတွေကတော့ ဒီကိစ္စနဲ့ပတ်သက်လို့ စုံစမ်းမှုတွေ လုပ်နေပါတယ်။ ကားမှာ ပြတင်းပေါက်၊ ထိုင်ခုံ၊ အင်ဂျင်စက်နဲ့ စတီယာတိုင်တွေ မပါဘူးလို့သိရပြီး တံတားကနေ တွဲလောင်းချဖို့ ထရပ်ကားတွေနဲ့ဆွဲပြီး လုပ်ထားတာလို့ မီးသတ်တပ်ဖွဲ့က ပြောပါတယ်။ ရဲတွေမရောက်ခင် အဲဒီနေရာနားကို သတိပေးတိပ်တွေနဲ့ ကပ်ထားပြီး ရဲအရာရှိ ဂျနီဖာဂျစ်ကတော့ ကားကိုချည်ထားတဲ့ကြိုးသာ ပြတ်ကျခဲ့ရင်တော့ တယောက်ယောက် ထိခိုက်နိုင်တယ်လို့ The Globe and Mail သတင်းဌာနကို ပြောပါတယ်။ ကနေဒါ လူမှုကွန်ရက်သုံးစွဲသူတွေက ဒီနောက်ပြောင်မှုကို အင်ဂျင်နီယာကျောင်းသားတွေ လုပ်ခဲ့လားလို့ မေးခွန်းထုတ်ခဲ့ပေမယ့် တိုရန်တို အင်ဂျင်နီယာတက္ကသိုလ်ရဲ့ ကိုယ်စားလှယ်က ဒီကိစ္စမှာ သူတို့ကျောင်းသားတွေ ပါဝင်ပတ်သက်မှု မရှိဘူးလို့ ပြောကြောင်း သည်ဆန်းသတင်းမှာ ဖော်ပြထားပါတယ်။
3 years Ago
Up