ပိန်လှီမော်ဒယ်များကို လုပ်ငန်းလုပ်ခွင့် ပြင်သစ်အစိုးရ ပိတ်ပင်ပြီ (ရုပ်သံ)

December 20, 2015

ပိန်လှီမော်ဒယ်များကို လုပ်ငန်းလုပ်ခွင့် ပြင်သစ်အစိုးရ ပိတ်ပင်ပြီ (ရုပ်သံ)

ပုံမှန် ကိုယ်အလေးချိန်ထက်လျော့နည်းပြီး အရမ်းကို ပိန်လှီနေတဲ့ မော်ဒယ်တွေက ဖက်ရှင်နဲ့ မော်ဒယ်လုပ်ငန်းတွေမှာ ၀င်ရောက်လုပ်ကိုင်ခွင့် ပိတ်ပင်တဲ့ဥပဒေကြမ်းတရပ်ကို ဒီဇင်ဘာ ၁၇ ရက်နေ့မှာ ပြင်သစ်ပါလီမန်အမတ်တွေက အတည်ပြုလိုက်ပါတယ်။ ဒီဥပဒေကြမ်းအရ ပြင်သစ်မော်ဒယ်တွေဟာ မော်ဒယ်နဲ့ ဖက်ရှင်လောကကို ၀င်ရောက်တော့မယ်ဆိုရင် ဆရာဝန်တွေရဲ့ ဆေးထောက်ခံချက်ရယူကြရမှ ဖြစ်ပါတယ်။ တကယ်လို့ ဒီဥပဒေပြဋ္ဌာန်းပြီးလို့ မလိုက်နာတာ တွေ့ရှိရင် ထောင်ဒဏ် ၆ လအထိ ကျခံရနိုင်ပြီး ဒဏ်ငွေလည်း အမေရိကန်ဒေါ်လာ ၈ သောင်းကျော်အထိ ပေးဆောင်ရနိုင်ပါတယ်။ ဒီဥပဒေကို မပြဋ္ဌာန်းခင် အခုလိုအလားတူ ဥပဒေတခုကို ပြဋ္ဌာန်းထားပြီး မော်ဒယ်တွေ၊ ဖက်ရှင်မယ်တွေအနေနဲ့ အနည်းဆုံးရှိရမယ့် ခန္ဓာကိုယ်အချိုးအစား၊ အလေးချိန်တွေကို ပြဋ္ဌာန်းထားတဲ့အတွက် ပြင်သစ်မော်ဒယ်အေဂျင်စီတွေ ဆန္ဒပြကန့်ကွက်မှုတွေရှိခဲ့ပါတယ်။ အခုလည်း ဒီဥပဒေကို ပြင်သစ်နိုင်ငံအပြင် ဥရောပမှာတော့ အီတလီ၊ စပိန်နိုင်ငံတို့က ပြဋ္ဌာန်းထားပြီဖြစ်ပြီး အစ္စရေးနိုင်ငံမှာလည်း အတည်ပြုထားပြီးဖြစ်ပါတယ်။ ပြင်သစ်နိုင်ငံမှာ အ၀လွန်ကြောက်စိတ်ရောဂါ ဖြစ်နေသူ ၃ သောင်းကနေ ၄ သောင်းအထိရှိနိုင်ပြီး ၉၀ ရာခိုင်နှုန်း ကတော့ အမျိုးသမီးတွေဖြစ်ကြတယ်လို့ စစ်တမ်းတွေက ဆိုပါတယ်။
7 years Ago
Up