ပိတ်ရန် အစီအစဉ်မရှိ

March 16, 2020

ယူနိုက်တက်အသင်း၏ လေ့ကျင့်ရေးကွင်းပိတ်ရန် အစီအစဉ်မရှိ

ဆေးဘက်ဆိုင်ရာ ဝန်ထမ်းတွေက ကစားသမားတွေကို တနေ့ နှစ်ကြိမ် စစ်ဆေးမှု လုပ်ဆောင်နေတဲ့ ယူနိုက်တက်အသင်းအနေနဲ့ ကာရင်တန် လေ့ကျင့်ရေးကွင်းကို ပိတ်သွားဖို့ အစီစဉ်မရှိသေးဘူးလို့ သိရပါတယ်။ ပြိုင်ဘက်အသင်းတွေဖြစ်တဲ့ အာဆင်နယ်အသင်းနဲ့ အဲဗာတန်အသင်းတို့ဟာ လေ့ကျင့်ရေးကွင်းတွေကို လုံးဝ ပိတ်ပစ်လိုက်ပြီဖြစ်ပေမယ့် ယူနိုက်တက်ကစားသမားတွေကတော့ လေ့ကျင့်ရေးတွေကို ပုံမှန်ဆောင်ရွက်နေဆဲ ဖြစ်ပါတယ်။  ဒီအခြေအနေမှာ ကိုရိုနာဗိုင်းရပ်စ်နဲ့ပတ်သက်ပြီး စွန့်စားလိုခြင်း မရှိတာကြောင့် လေ့ကျင့်ရေးကွင်းမှာရှိတဲ့ ကလပ်အသင်း ဆရာဝန်တွေဟာ ကစားသမားတွေကို လေ့ကျင့်ရေးကွင်းကို ရောက်ရင် တကြိမ် ပြန်ရင်တကြိမ် ဆေးစစ်မှုတွေ လုပ်ဆောင်နေတယ်လို့ The Mirror သတင်းမှာ ဖော်ပြပါတယ်။ လေ့ကျင့်ရေးတွေ ပုံမှန်ဆောင်ရွက်နေပေမယ့် ယူနိုက်တက်အသင်းဟာ ကြိုတင်ကာကွယ်မှုတွေကို လုပ်ဆောင်ထားပြီး လေ့ကျင့်ချိန်မှာ မရှိမဖြစ်လိုအပ်တဲ့ ပထမ အသင်းကြီး ဝန်ထမ်းတွေကိုသာ ကစားသမားတွေနဲ့ အနီးကပ်ထိတွေ့ ဆက်ဆံခွင့်ပြုထားတယ်လို့လည်း သိရပါတယ်။ ဒီသတင်းတွေဟာ ယူနိုက်တက်အသင်းနဲ့ LASK အသင်းတို့ရဲ့ယူရိုပါလိဂ်ပွဲစဉ်အပြီးမှာ ကစားသမားတွေကို ဗိုင်းရပ်စ်နဲ့ပတ်သက်လို့ စောင့်ကြည့်မှုတွေ လုပ်ဆောင်နေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာပြီးနောက် ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။  ဒီပွဲစဉ်မှာ အသင်းရဲ့ ကျန်းမာရေးဝန်ထမ်းတွေဟာ ကစားသမားတွေကို ပထမပိုင်း ပြီးဆုံးချိန်မှာလည်း အပူချိန်တိုင်းတာခဲ့ပြီး ဘယ်ကစားသမားမှာမှ ဗိုင်းရပ်စ်ကူးစက်နိုင်ခြေ မရှိဘူးဆိုတာ သေချာစေရေး ဆောင်ရွက်ခဲ့ပါတယ်။ ဒါ့အပြင် ပွဲပြီးဆုံးလို့ မန်ချက်စတာမြို့ကို ပြန်ချိန်မှာလည်း ကျန်းမာရေးဝန်ထမ်းတွေဟာ ကစားသမားတွေကို ထပ်မံဆေးစစ်ခဲ့တယ်လို့ သိရပါတယ်။   သြစတြီးယားကလပ်ကို ၅ ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့တဲ့ ပွဲစဉ်အပြီးမှာ ဆိုးလ်ရှားက “ကျနော်တို့ ကျန်းမာရေးဝန်ထမ်းတွေဟာ ကစားသမားတွေကို အချိန်ပြည့် စောင့်ကြည့်နေပါတယ်။ ပထမပိုင်းပြီးဆုံးချိန်မှာတောင် ဝန်ထမ်းတွေက ကစားသမားတွေကို စစ်ဆေးမှု လုပ်ဆောင်ခဲ့ပါတယ်။ ကျနော်တို့ဟာလည်း ပြည်သူတွေပဲ ဖြစ်တာကြောင့် အစိုးရနဲ့ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူတွေ ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကို လေးစားလိုက်နာရမှာ ဖြစ်ပါတယ်” လို့လည်း ပြောဆိုခဲ့ပါတယ်။
2 years Ago
Up