ပိတ်မိ

April 12, 2021

တရုတ်နိုင်ငံ ကျယ်ဂေါင်တွင် ပိတ်မိနေသည့် မြန်မာကုန်ကားများကို မူဆယ်ပြန်ထွက်ခွင့်ပြု

တရုတ်နိုင်ငံ၊ ကျယ်ဂေါင်မှာ  Lockdown ကာလမတိုင်မီက ကုန်တင်ပြီး ထွက်မရဘဲ ပိတ်မိနေတဲ့ မြန်မာကုန်ကားတွေကို ဧပြီ ၁၁ ရက်မနက်ပိုင်းကစပြီး မူဆယ်ဘက် ပြန်ထွက်ခွာခွင့်ပေးနေတယ်လို့ ကျယ်ဂေါင်ကားဂိတ်ကနေ သိရပါတယ်။

မြန်မာ - တရုတ် နှစ်နိုင်ငံရဲ့ အဓိက ကုန်သွယ်စီးဆင်းရာ ဂိတ်ပေါက်ဖြစ်တဲ့ မန့်ဝိန်းပေါက်ကို ကျယ်ဂေါင်၊ ရွှေလီမှာ ကိုဗစ်-၁၉ ပိုးတွေ့အကြောင်းပြချက်နဲ့ ဧပြီ ၁ ရက်နေ့ကစလို့ ကုန်တင်ယာဉ် အဝင်အထွက်ကို လုံးဝ ပိတ်လိုက်တာဖြစ်ပြီး အခု ကျယ်ခေါင်မှာ ပိတ်မိနေတဲ့ကားတွေကို မြန်မာဘက် ပြန်ထွက်ခွင့်ပြုလိုက်တာပါ။

မြန်မာပြည်ပြန်မယ့်ကားတွေကိုသာခွင့်ပြုပြီး တရုတ်နိုင်ငံထဲ ကျယ်ဂေါင်ဘက်အဝင်နဲ့ ရွှေလီမှာ ပိတ်မိနေတဲ့ ကုန်တင်ယာဉ်တွေကိုတော့ သွားခွင့်မပေးသေးဘူးလို့ မူဆယ်ယာဉ်ထိန်း ရဲတပ်ကြပ်ကြီး ဦးမျိုးမင်းသူက ပြောပါတယ်။

"သူတို့ တရုတ်နိုင်ငံထဲမှာရှိတဲ့ ဗမာပြည်က ထွက်မယ့် ကားတွေရှိတယ်။ အထွက်ပဲပေးတာ။ သူတို့ နိုင်ငံထဲ အဝင်မပေးဘူး။ ဟိုဘက်မှာ ကားအစီး ၁၈၀၊ ၁၉၀ လောက်ရှိတယ်။ ခါတိုင်းမောင်းတဲ့ ယာဉ်မောင်း ရှန်တိန်တွေပဲ လာပို့ပေးတာဟုတ်တယ်။ သူတို့က ဒီနေ့ ကုန်အောင်တော့ထုတ် ပေးမယ်ပြောတယ်။ ဒီနေ့ မကုန်နိုင်ရင်တော့ မနက်ဖြန်ပေါ့”။

ကျယ်ဂေါင်ဘက်မှ ထွက်လာတဲ့ကားကို မြန်မာဘက်က ကားပိုင်ရှင် ဒါမှမဟုတ် ယာဉ်မောင်းတွေကိုယ်တိုင် PPE ဝတ်စုံနဲ့ မန့်ဝိန်းဂိတ်ပေါက်မှာ စောင့်ယူကာ ၁၀၅ မိုင် နှင်းနှင်းခိုင်ကားကွင်းမှာ ကားကို ၃ ရက် ပိုးသတ်ဆေးဖျန်းထားပြီးမှ ဆက်လက်ထွက်ခွာခွင့် ပြုမယ်လို့  ဆိုပါတယ်။

PPE ဝတ်စုံကို ကုန်သည်ကြီးများအသင်းက ပေးအပ်လှူဒါန်းထားပြီး မြန်မာဘက်ခြမ်း မန့်ဝိန်းပေါက်မှာ လာရောက်ရယူနိုင်ကြောင်း လူမှုကွန်ရက်က အသိပေးကြေညာထားပါတယ်။

မန့်ဝိန်းဂိတ်ပေါက်မှ တရုတ်ဘက်ကို ပုပ်ပျက်လွယ်တဲ့ ကုန်စည်မှအပ မြန်မာ့ လယ်ယာထွက်ကုန်တွေနဲ့ တခြားကုန်ခြောက်တွေကို တင်ပို့နေတာဖြစ်ပြီး တရုတ်ဘက်မှ ကုန်မျိုးစုံကို တင်သွင်းနေတာလည်းဖြစ်ပါတယ်။

မတ်လကုန်ပိုင်းမှ ဧပြီ ၉ ရက်ည ၁၂ နာရီအထိ ယူနန်ပြည်နယ် တယ်ဟုန်ခရိုင်မှာ ကိုဗစ် ၁၉ ပိုးတွေ့လူနာ ၈၈ ဦးရှိပြီး ပြည်တွင်း ကူးစက်သူ ၈၄ ဦး၊ မြန်မာပြန် တရုတ် အမျိုးသား တစ်ဦးအပါအဝင် ပြည်ပမှ ကူးစက်သူ ၄ ဦးရှိကြောင်း တရုတ်ဘက်က ထုတ်ပြန်ထားပါတယ်။

Photo Crd# KKKTh  

8 months Ago

January 24, 2021

မြေအောက် ၁၄ ရက်ကြာ ပိတ်မိနေသည့် တရုတ်ရွှေသတ္ထုတွင်း လုပ်သားများထဲက ၁ ဦးကို ကယ်ထုတ်

တရုတ်နိုင်ငံ မြောက်ပိုင်းက ရွှေသတ္ထုတွင်းထဲမှာ ပေါက်ကွဲမှုဖြစ်အပြီး မြေအောက်ထဲမှာ ၁၄ ရက်ကြာ ပိတ်မိနေတေဲ့ တွင်းသားတွေထဲက ပထမဆုံး တယောက်ကို ဇန်နဝါရီ ၂၄ ရက်မှာ ကယ်ထုတ်နိုင်ခဲ့ပါတယ်။ “သူ့ကို မနက်ပိုင်းမှာ ကယ်ထုတ်အပြီး ဆေးရုံကို အမြန်တင်ပို့ခဲ့ရပါတယ်။ တွင်းသားဟာ အင်မတန် အားနည်းနေတယ်” လို့ တရုတ်အစိုးရ ရုပ်သံ စီစီတီဗီရဲ့ ဝေဘို မိုက်ခရို ဘလော့ အင်တာနက် စာမျက်နှာက ဆိုပါတယ်။ တရုတ်နိုင်ငံ အရှေ့ဘက် ကမ်းရိုးတန်းက ရှန်တုံးပြည်နယ် ယန်ထိုက်စီရင်စု ချီရှားဒေသက ဟူရှန်းသတ္ထုတွင်းထဲမှာ ဇန်နဝါရီ ဆယ်ရက်က ပေါက်ကွဲခဲ့တာကြောင့် တွင်းသား ၂၂ ယောက် မြေအောက်ထဲမှာ ပိတ်မ်နေခဲ့တာပါ။ တွင်းသား ၁ ယောက် ဦးခေါင်းဒဏ်ရာနဲ့ သေဆုံးပြီး ၁၁ ယောက်နဲ့ ကယ်ဆယ်ရေး သမားတွေ အဆက်အသွယ်မရသေးဘူးလို့ ဆင်ဟွာ သတင်းမှာ ဖော်ပြထားပါတယ်။  ကယ်ဆယ်ခံရတဲ့ တွင်းသားဟာ စားနပ်ရိက္ခာ အထောက်အပံ့ရတဲ့ တွင်းသား ဆယ်ယောက် အုပ်စုရှိတဲ့နေရာမှာ မဟုတ်ဘဲ သီးခြားနေရာမှာ ရောက်နေခဲ့ပြီး သူ့ကို အရင် ကယ်ထုတ်နိုင်ခဲ့တာပါ။ တွင်းသား ဆယ်ယောက် ရှိတဲ့နေရာဆီ ရောက်ဖို့ တွင်းတူးစင် မဖောက်ခင် ဆိုးဆိုးရွားရွား ပိတ်ဆို့နေတဲ့ အတားအဆီးတွေကိုဖယ်ဖို့ အချိန် ၂ ပတ် ကြာနိုင်တယ်လို့ အရာရှိတွေက ဇန်နဝါရီ ၂၁ ရက်မှာ ပြောထားပါတယ်။
10 months Ago
More News
Up