ပိတ်ပစ်

May 11, 2020

တောင်ကိုရီးယားတွင် ကိုရိုနာလူနာ ၁ ဦးသွားခဲ့သည့် နိုက်ကလပ်များကို ပိတ်ပစ်

တောင်ကိုရီးယားနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံ လူနာတယောက် သွားရောက် လည်ပတ်ခဲ့တဲ့ နိုက်ကလပ်တွေကြား ကူးစက်မှု အသစ်တွေ ထပ်ပေါ်ခဲ့အပြီး မေလ ၁၀ ရက်မှာ နိုက်ကလပ်တွေနဲ့ အရက်ဆိုင် ဘားဆိုင်တွေကို ပိတ်ပစ်ခဲ့ပါတယ်။ ဆိုးလ်မြို့တော်က ကိုရီးယားနိုင်ငံသားတွေနဲ့ နိုင်ငံခြားသားတွေကြားမှာ လူကြိုက်များတဲ့ အစ်တေးဝမ် ရပ်ကွက်ထဲက ကလပ်တွေနဲ့ ပတ်သက်ပြီး လူ ၅၄ ယောက်ထက်မနည်း ကိုရိုနာ ဗိုင်းရပ်စ်ကူးစက်ခံခဲ့ရတယ်လို့ ကိုရီးယားရောဂါ ထိန်းချုပ်ဟန့်တားရေးဌာန KCDC က မေ ၁၀ ရက်နေ့မှာ ပြောပါတယ်။ ဒီကူးစက်မှုကြောင့် ဆိုးလ်မြို့တော်က ညပိုင်းဖျော်ဖြေရေး လုပ်ငန်းတွေ မေလ ၉ ရက်ကစပြီး ချက်ချင်း ယာယီပိတ်ပစ်ခဲ့ရပါတယ်။  ကလပ်တွေကို သွားခဲ့တဲ့ လူ ၁၉၀၀ လောက်ကို ခြေရာခံလိုက်နေကာ ကျန်ခဲ့တဲ့ ၁၄ ရက်အတွင်း ရောဂါခြေချုပ်နဲ့ နေဖူးပြီး စမ်းသပ်ဖူးတဲ့ လူတိုင်းကို မေးမြန်းတာ အယောက် ၇ ထောင်လောက်ထိ ရှိနိုင်တယ်လို့ KCDC က ပြောပါတယ်။ တောင်ကိုရီးယားနိုင်ငံမှာ မေ ၁၁ ရက် မနက် ၉ နာရီထိ အတည်ပြုစာရင်းအရ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံ ဦးရေ စုစုပေါင်း ၁၀,၉၀၉ ယောက်ရှိပြီး ကူးစက်ခံ ၂၅၆ယောက် သေဆုံးခဲ့ပါတယ်။ ကမ္ဘာတလွှားမှာတော့ ကူးစက်ခံ လေးသန်း ၂ သိန်း နီးပါးရှိပြီး ကူးစက်ခံ ၂ သိန်း ၈ သောင်း ၄ ထောင် နီးပါး သေဆုံးခဲ့ပြီးပါပြီ။
1 year Ago

March 17, 2020

ကိုရိုနာဗိုင်းရပ်စ်ကြောင့် နယ်စပ်ဂိတ်များ မလေးရှား ပိတ်ပစ်

မလေးရှားနိုင်ငံမှာ ဘာသာရေးဆိုင်ရာ စုဝေးမှုတွေကနေ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ တဟုန်ထိုး တက်ခဲ့ပြီးနောက် နိုင်ငံတဝန်း နယ်စပ်ပိတ်ပစ်တာတွေ၊ ကျောင်းတွေ ပိတ်တာနဲ့ လုပ်ငန်းအတော်များများကို ပိတ်ပစ်ဖို့ အစိုးရ မတ် ၁၆ ရက်မှာ ညွှန်ကြားလိုက်ပါတယ်။  မလေးရှားနိုင်ငံတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ  ၁၂၅ ယောက်ကနေ ၅၅၃ ယောက် အထိ ခုန်တက်သွားပြိး ကူးစက်ခံရသူ သုံးပုံနှစ်ပုံဟာ လူ ၁၆၀၀၀ တက်ရောက်တဲ့ အစ္စလာမ်မစ် စုဝေးပွဲတွေနဲ့ ဆက်နွှယ်နေတာပါ။ အခုထိ ကူးစက်ခံရသူ ၃၃၈ ဦးဟာ ဖေဖော်ဝါရီ ၂၈ နဲ့ မတ် ၁ ရက်က ကွာလာလမ်ပူရ်မှာ လုပ်တဲ့ ဘာသာရေးစုဝေးပွဲတွေနဲ့ ဆက်နွှယ်ပါတယ်။ အဲဒီဘာသာရေးပွဲတွေ တက်ရောက်သူ ၁၄၅,၀၀၀ မှာ ၇၀၀၀ ဟာ  ဗိုင်းရပ်စ် ရှိ၊ မရှိ အစစ်ဆေးခံယူခဲ့ပါတယ်။ အဲဒီဘာသာရေးစုဝေးပွဲတွေက စင်ကာပူ၊ ဘရူနိုင်းနဲ့ ကမ္ဘောဒီးယားမှာ လုပ်တဲ့ ကူးစက်ခံရသူတွေနဲ့လည်း ဆက်စပ်နေပါတယ်။ တီဗွီကနေ နိုင်ငံကို မိန့်ခွန်းပြောရာမှာ မလေးရှားဝန်ကြီးချုပ် မဟီဒင်ယာဆင်က ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရေး အစီအမံတွေကို မတ်လ ၁၈ ရက်နေ့ကစလို့ ၃၁ ရက်နေ့အထိ ပြုလုပ်သွားမယ်လို့ ပြောခဲ့ပါတယ်။ အဲဒီအစီအစဉ်မှာ ကျောင်းနဲ့ တက္ကသိုလ်တွေ ပိတ်ပစ်တာ၊ အရေးကြီး ဝန်ဆောင်မှုပေးတဲ့ လုပ်ငန်းတွေကလွဲပြီး အစိုးရနဲ့ ပုဂ္ဂလိကလုပ်ငန်းတွေကို ပိတ်ပစ်တာတွေ ပါဝင်တယ်လို့ ဝန်ကြိးချုပ် မဟီဒင်ယာဆင်က ဆိုပါတယ်။ ဒါ့အပြင် မလေးရှားနိုင်ငံထဲကို နိုင်ငံခြားသား ဝင်ရောက်တာကို ခွင့်ပြုမှာ မဟုတ်သလို မလေးနိုင်ငံသားတွေ ပြင်ပ ထွက်ခွာတာကိုလည်း ခွင့်ပြုမှာ မဟုတ်ဘူးလို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
2 years Ago
Up