ပိတ်ပင်ခံရမှု

February 17, 2020

မန်စီးတီးအသင်း ချန်ပီယံလိဂ် ၂ နှစ်ပိတ်ပင်ခံရမှု တုန်လှုပ်မိဟု လီဗာပူးနည်းပြပြော

ချန်ပီယံလိဂ်ပြိုင်ပွဲကနေ မန်စီတီးအသင်း ၂ နှစ် ပွဲပယ်ခံရတဲ့ သတင်းအပေါ် တုန်လှုပ်မိတယ်လို့ လီဗာပူးနည်းပြ ယာဂန်ကလော့ပ်က ပြောပါတယ်။  ဒါ့အပြင် နည်းပြ ဂွါဒီယိုလာအတွက်လည်း ကိုယ်ချင်းစာမိတယ်လို့ သူက ဆိုပါတယ်။ မန်စီတီးအသင်းဟာ UEFA ရဲ့ ဘဏ္ဍာရေးစည်းမျဉ်းတွေကို ပြင်းပြင်းထန်ထန်ချိုးဖောက်ခဲ့လို့ အခုလိုပွဲပယ်ခံခဲ့ရတာဖြစ်ပြီး ဒဏ်ငွေအနေနဲ့လည်း ပေါင် ၂၅ သန်း ချမှတ်ခံခဲ့ရပါတယ်။ အသင်းဟာ ဒီဆုံးဖြတ်ချက်အပေါ် အယူခံဝင်ခွင့်မှာဖြစ်ပြီး ဒီဆုံးဖြတ်ချက်အတွက် စိတ်ပျက်မိပေမယ့် မအံ့ဩကြောင်း မန်စီးတီး တာဝန်ရှိသူတွေက ထုတ်ပြန်ထားပါတယ်။  အခုလို မန်စီးတီးအသင်း ထုတ်ပယ်ခံရတဲ့အပေါ်  ကလော့ပ်က “ဒါဟာ လုံးဝတုန်လှုပ်စရာကြီးပါ။ တကယ်ကို အံ့သြစရာပါပဲ။ ‌ဘောလုံးကွင်းထဲမှာ သူတို့ လုပ်ဆောင်ပြခဲ့တာတွေက တကယ့်ကို ချီးကျူးစရာပါပဲ။ ကျန်တာတော့ ကျနော်လည်း မသိပါဘူး။ သူတို့ပြစ်ဒဏ်အတွက် ကျနော် တကယ်ကို ခံစားရပါတယ်။ နည်းပြ ပက်နဲ့ ကစားသမားတွေအတွက်ရောပေါ့။ သူတို့မှာ အယူခံဝင်ခွင့်ရှိနေတဲ့အတွက် ဘာတွေ ဆက်ဖြစ်လာမလဲဆိုတာ စောင့်ကြည့်ရပါမယ်။ ဒါဟာ အရမ်းကို ပြင်းထန်လွန်းပါတယ်” လို့ ပြောပါတယ်။ ပရီးမီးယားလိဂ်ရဲ့ အဓိကပြိုင်ဘက်အသင်းဟာ ပြဿနာတွေနဲ့ ရင်ဆိုင်နေရပေမယ့် ကလော့ပ်ရဲ့ လီဗာပူးအသင်းကတော့ စနေနေ့မှာ နော့ဝှစ်ချ်အသင်းကို မာနေးရဲ့ တလုံးတည်းသော သွင်းဂိုးနဲ့ အနိုင်ကစားကာ အမှတ်ပေးဇယားကို ၂၅ မှတ်အသာနဲ့ ဆက်လက်ဦးဆောင်နေပါတယ်။
1 year Ago
Up