ပိတ်ဆို့ဒဏ်ခတ်မှု

July 7, 2020

ရုရှားနှင့် ဆော်ဒီနိုင်ငံသား ၄၅ ဦးကို ပိတ်ဆို့ဒဏ်ခတ်မှုများ ဗြိတိန်ချမှတ် 

သွေးစွန်းငွေ ခဝါချမှု တားဆီးရေး ရည်မှန်းချက်နဲ့ ရုရှားနိုင်ငံသား ၂၅ ယောက်နဲ့ ဆော်ဒီနိုင်ငံသား ၂၀ ကို ပိတ်ဆို့ ဒဏ်ခတ်တာတွေ ချမှတ်လိုက်တယ်လို့ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဒိုမစ်နစ်ရက်ဘ်က ဇူလိုင် ၆ ရက်မှာ ပြောဆိုလိုက်ပါတယ်။ အီးယူက နုတ်ထွက်ပြီးနောက်ပိုင်း ဝန်ကြီးချုပ်ဂျွန်ဆင်က နိုင်ငံခြားရေးနဲ့ ကုန်သွယ်ရေးမှာ ဗြိတိန်ကို သီးခြားကဏ္ဍ ထူထောင်လိုပြီး ဒါဟာ ဘရဲဆစ်နောက်ပိုင်း ပထမဆုံးအကြိမ် ပိုင်ဆိုင်မှု ထိန်းချုပ်တာနဲ့ ဗီဇာတားမြစ်တာကို ဗြိတိန်အစိုးရက သီးခြားလုပ်ဆောင်တာလည်း ဖြစ်ပါတယ်။  နိုင်ငံခြားရေးဝန်ကြီး ရက်ဘ်က တင်းကျပ်တဲ့ ဒဏ်ခတ်မှုလုပ်ဖို့ ဖိအားပေးထားပြီး ဗြိတိန်ပါလီမန်အတွင်း နာမည်တွေကို ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီထဲမှာ ရှေ့နေ ဆာဂျီမာနီစကီ နှိပ်စက်သတ်ဖြတ်ခံရမှုမှာပတ်သက်တဲ့ ရုရှားနိုင်ငံသားတွေနဲ့ ဆော်ဒီသတင်းထောက် ဂျမေးလ်ခါရွှန်းဂျီ အသတ်ခံရမှုမှာပတ်သက်တဲ့ ဆော်ဒီနိုင်ငံသားတွေ  ပါဝင်ပါတယ်။  ဗြိတိန်အစိုးရ အရေးယူဒဏ်ခတ်တာကို အစီအစဉ်အသစ်တွေနဲ့ တုံ့ပြန်သွားမယ်လို့ ရုရှားက ပြောဆိုခဲ့ပြီး ဆော်ဒီအစိုးရနဲ့ နိုင်ငံခြားရေးဌာနကတော့ ချက်ချင်း မှတ်ချက်ပေးတာ မရှိဘူးလို့ ရိုက်တာမှာ ဖော်ပြထားပါတယ်။ 
1 year Ago

April 30, 2020

တပ်မတော်နှင့် ရဲအရာရှိ ၁၄ ဦးကို ပိတ်ဆို့ဒဏ်ခတ်မှု သက်တမ်းမတိုးသင့်ဟု နိုင်ငံရေး လေ့လာသူအချို့ သုံးသပ်

မြန်မာတပ်မတော်ဗိုလ်ချုပ်ဟောင်းတချို့နဲ့ ရဲအရာရှိတွေအပါအဝင် ၁၄ ဦးကို  ဗြိတိန်နဲ့ အီးယူက ဒဏ်ခတ်ပိတ်ဆို့မှုသက်တမ်းတိုးလိုက်တာဟာ မဖြစ်သင့်ဘူးလို့ နိုင်ငံရေး လေ့လာသူတချို့က သုံးသပ်ပါတယ်။ ရခိုင်ပြည်နယ်၊ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီး တာဝန်ရှိတဲ့ တပ်မတော်ဗိုလ်ချုပ်ဟောင်းတချို့နဲ့ ရဲအရာရှိတွေအပါအဝင် ၁၄ ဦးကို ဧပြီ ၂၇ ရက်နေ့က ဗြိတိန်အစိုးရ၊ ဘဏ္ဍာရေးဝန်ကြီးဌာနနဲ့ အီးယူ ဥရောပ သမဂ္ဂတို့က အရေးယူ ဒဏ်ခတ်ပိတ်ဆို့မှု သက်တမ်းတိုး တစ်နှစ် ထပ်တိုးလိုက်တာပါ။ ဒီလိုဒဏ်ခတ်ပိတ်ဆို့တာဟာ ကောင်းတဲ့အစဉ်အလာမဟုတ်ပေမယ့် မြန်မာ့နိုင်ငံရေးအပေါ် ကြီးမားတဲ့သက်ရောက်မှု မရှိနိုင်ဘူးလို့ တပ်မတော်အငြိမ်းစား အရာရှိ နိုင်ငံရေးလေ့လာသူ ဒေါက်တာအောင်မျိုးက ပြောပါတယ်။ လက်ရှိအချိန်မှာ မြန်မာနိုင်ငံဟာ COVID-19 ပြဿနာအပါအဝင် ငြိမ်းချမ်းရေးပြဿနာဟာလည်း စိန်ခေါ်မှုဖြစ်နေပါတယ်။ ဒီလိုအချိန်မှာ ဒဏ်ခတ်ပိတ်ဆို့မှုဟာ မကောင်းဘူးဆိုပေမယ့် ဗြိတိန်နဲ့ အနောက်နိုင်ငံတွေက မြန်မာ့နိုင်ငံရေးအပေါ် မျက်ခြေမပြတ်စောင့်ကြည့်နေတာကို တပ်မတော်က သိရှိဖို့လိုတယ်လို့ နိုင်ငံရေးလေ့ လာသူတစ်ဦးဖြစ်တဲ့  နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ချုပ်က ဦးမြင့်ဝင်းမောင်က သုံးသပ်ပါတယ်။ ပိတ်ဆို့ဒဏ်ခတ်အရေးယူခံရတဲ့သူတွေထဲမှာ ဒုဗိုလ်ချုပ်ကြီးအောင်ကျော်ဇော၊ ဗိုလ်ချုပ်မောင် မောင်စိုး၊ ဗိုလ်ချုပ် ညီညီဆွေ၊ ဗိုလ်မှူးချုပ် အောင်အောင်၊ ဗိုလ်မှူးချုပ် ခင်လှိုင်၊ ရဲမှူးချုပ် သူရဆန်းလွင်၊ ဗိုလ်မှူးချုပ် သန်းဦး၊ ဗိုလ်မှူးချုပ် ခင်စိုး၊ ဗိုလ်မှူး အောင်မျိုးသူ၊ ဗိုလ်မှူး သန့်ဇော်ဝင်း၊ တပ်ခွဲတပ်ကြပ်ကြီး ဘကျော်၊ တပ်ကြပ် ကျော်ချေ၊ ရဲအရာရှိ ထွန်းနိုင်၊ ရဲအရာရှိ သန့်ဇင်ဦး တို့ပါဝင်ပါတယ်။ ဒုဗိုလ်ချုပ်ကြီး အောင်ကျော်ဇော်က တပ်မတော်က အနားယူသွားပြီ ဖြစ်ပြီး အသစ်ထပ်တိုးလာသူကတော့  ဗိုလ်မှူးချုပ်သန်းဦး ဖြစ်ပါတယ်။ 
1 year Ago
Up