ပိတ်ချရန်

February 4, 2020

တရုတ်ပြည်မကြီးနှင့် ဟောင်ကောင်နယ်စပ်ကို ပိတ်ချရန် ကျန်းမာရေးလုပ်သားများ ဆန္ဒပြ

ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကို ထပ်ပြီး ထိန်းချုပ်ဖို့ လတ်တလောမှာ ခရီးသွား ပိတ်ပင်ချက်တွေ ထုတ်ပြန်ထားပေမယ့် အာဏာပိုင်တွေက တရုတ်ပြည်မကြီးနဲ့ ဟောင်ကောင် နယ်စပ်ကို အပြည့်အဝ ပိတ်ချဖို့ ဟောင်ကောင် ကျန်းမာရေး လုပ်သားတွေက တောင်းဆို ဆန္ဒပြကြပါတယ်။ ကျန်းမာရေးလုပ်သားတွေနဲ့ ထောက်ခံသူ ရာပေါင်းများစွာဟာ ဟောင်ကောင်ဆေးရုံ အာဏာပိုင်အဆောက်အဦအပြင်မှာ ဖေဖော်ဝါရီ ၄ ရက် မနက်က စုရုံးခဲ့ပြီး တောင်းဆိုချက်စာရင်းကို ချရေးထားတဲ့စာကို ဟောင်ကောင်ကျန်းမာရေး အာဏာပိုင်တွေဆီ ပေးအပ်ခဲ့ပါတယ်။ ကျန်းမာရေးအာဏာပိုင် ဝန်ထမ်းများ မဟာမိတ်အဖွဲ့လို့ နာမည်ပေးထားတဲ့ ကျန်းမာရေးလုပ်သားများ သမဂ္ဂကိုလည်း အသစ်ဖွဲ့စည်းခဲ့ပါတယ်။ ဆေးရုံဝန်ထမ်းတွေကို ပိုကောင်းကောင်းကာကွယ်ဖို့နဲ့ ဟောင်ကောင်နယ်စပ်ကို ပိတ်ချဖို့ ဆော်သြရင်း သမဂ္ဂအဖွဲ့ဝင် အယောက် ၂၇၀၀ လောက် ဖေဖော်ဝါရီ ၃ ရက်ကစပြီး ဆန္ဒပြခဲ့ပါတယ်။ ဖေဖော်ဝါရီ ၃ ရက်က ဟောင်ကောင် အာဏာပိုင်တွေဟာ နယ်စပ်ဖြတ်ကူးရေးစခန်း ၄ ခုကို ထပ်ပြီးပိတ်ချခဲ့ပါတယ်။ ဒါကြောင့် ရှန်းကျန်း ပင်လယ်အော်ဆိပ်ကမ်း၊ တရုတ်ပြည်မကြီးတောင်ပိုင်း ကျူးဟိုင်မြို့နဲ့ မကာအိုကို ချိတ်ဆက်ထားတဲ့ တံတားနဲ့ နိုင်ငံတကာလေဆိပ်တို့ကတော့ မပိတ်ရသေးဘဲ လုပ်ငန်းလည်ပတ်နေဆဲပါ။ ဖေဖော်ဝါရီ ၄ ရက်က ဟောင်ကောင်မှာ ဗိုင်းရပ်စ်သစ် ကူးစက်ခံရလို့ လူနာသေဆုံးမှု ပထမဆုံး ဖြစ်ခဲ့ပါတယ်။ သေဆုံးသူ လူနာဟာ ဗိုင်းရပ်စ် စတင်ကူးစက်ရာ ဝူဟန်မြို့ကို ဇန်နဝါရီလက သွားလည်ထားသူလို့ ဆေးရုံဝန်ထမ်းတွေက ပြောပါတယ်။ ကျန်းမာရေးလုပ်သားတွေဆက်ပြီး ဆန္ဒပြနေမယ်ဆိုရင် ဆိုးရွားပြင်းထန်တဲ့ အကျိုးဆက်တွေ ဖြစ်လာလိမ့်မယ်လို့ ဟောင်ကောင် ခေါင်းဆောင် ကယ်ရီလမ်က သတိပေးထားပါတယ်။ တရုတ်နိုင်ငံအလယ်ပိုင်း ဝူဟန်မြို့ကနေ စတင်ကူးစက်ခဲ့တဲ့ ဗိုင်းရပ်စ်သစ်ကြောင့် သေဆုံးသူ ဦးရေဟာ ဖေဖော်ဝါရီ ၄ ရက် မနက် ၁၀ နာရီထိ သတင်းအချက်အလက်တွေအရ ၄၂၇ ယောက်အထိ မြင့်တက်သွားပါပြီ။ ကမ္ဘာ့နိုင်ငံပေါင်း နှစ်ဒါဇင်ကျော်မှာ ကူးစက်ခံဦးရေ ၂၀၆၂၈ ယောက် ရှိတယ်လို့ အတည်ပြုထားပါတယ်။
1 year Ago
Up