ပိတ်ရပ်ထားသည့်ကား

February 22, 2018

အိမ်ရှေ့တွင် ကြာမြင့်စွာပိတ်ရပ်ထားသည့်ကားအား အိမ်ရှင်က ရဲဒင်းဖြင့် ဖျက်ဆီး (ရုပ်သံ)

ထိုင်းနိုင်ငံ ဘန်ကောက် ပရဝေ့ခ်ျနယ်မြေထဲမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၉ ရက်နေ့က တပါးသူရဲ့ အိမ်ရှေ့တံခါးပေါက်မှာ အကြာကြီးရပ်မိတဲ့ ကားတစီးကို အိမ်ရှင်က စိတ်ဆိုးပြီး ရဲဒင်းနဲ့ဖျက်ဆီးမှု ဖြစ်ပွားခဲ့ပါတယ်။ အိမ်ရှင်အဒေါ်ကြီးက ကားကို ရဲဒင်းနဲ့ခုတ်နေတဲ့ ဗွီဒီယိုဖိုင်တွေလည်း လူမှုကွန်ရက်မှာ ပျံ့နှံ့နေပါတယ်။ အဲဒီအိမ်ဟာ ဆွန်လောကောက်ဈေးအနီးမှာရှိပြီး အဖြူရောင်ဆလွန်းကားတစီးက သူတို့ အိမ်ရှေ့တံခါးပေါက်မှာ လာပိတ်ရပ်ထားတာ ဖြစ်ပါတယ်။ အိမ်ရှင်ရဲ့ကားက အပြင်ထွက်မရလို့ ဟွန်းအကြာကြီးတီးပေမယ့် ပိုင်ရှင်ပေါ်မလာတဲ့အတွက် အိမ်ရှင်အဒေါ်ကြီးက စိတ်ဆိုးပြီး အဲဒီကားကို ရဲဒင်းနဲ့ ခုတ်လိုက်ရာမှာ ကားခေါင်းရော ဘေးမှန်တွေပါ ကွဲကြေပျက်စီးသွားပါတယ်။ ကားပိုင်ရှင်က ပြန်ရောက်လာပြီး တောင်းပန်ခဲ့ပေမယ့် အဒေါ်ကြီးက မကျေအေးတဲ့အပြင် ကားမရပ်ရဆိုတဲ့ ဆိုင်းဘုတ်အကြီးကြီး ကပ်ထားတာတောင် မမြင်ရကောင်းလားဆိုပြီး ပြန်လည် ဆဲဆိုခဲ့ပါတယ်။ ကားပိုင်ရှင်က တောင်းပန်တာတောင်မရဘဲ ပြန်ပြီးအဆဲခံရလို့ အပြန်အလှန် စကားများပြီး ရဲစခန်းရောက်ကာ အမှုအခင်း ဖြစ်ခဲ့ပါတယ်။ ကားပိုင်ရှင်က သူ့အိမ်အနီးမှာ ပျံကျဈေးလာဖွင့်ထားတာကြောင့် ဈေးသူဈေးသားတွေ ပစ်ထားတဲ့ အမှိုက်သရိုက်က အနံ့အသက်ဆိုးတွေ ခံနေရကြောင်း၊ အဲဒီဈေးဟာ ခွင့်ပြုချက်နဲ့ဖွင့်တာ ဟုတ်မဟုတ် ပြန်လည်စစ်ဆေး အရေးယူဖို့ပါ သက်ဆိုင်ရာကို တိုင်တန်းထားပါတယ်။ ဒါကြောင့် ဘန်ကောက်မြို့တော်ဝန်က စစ်ဆေးဆဲကာလမှာ အဲဒီနားတဝိုက်က ပျံကျဈေးတွေကို ယာယီပိတ်ထားဖို့ ညွှန်ကြားလိုက်ပါတယ်။ ပျံကျဈေးပိတ်တဲ့အတွက် ဈေးသူဈေးသားတွေ အထူးသဖြင့် သားစိမ်းငါးစိမ်း ရောင်းသူတွေကြား အသားတွေပုပ်ကုန်တာ၊ အရင်းရှုံးမှာ၊ တနေ့လုပ်တနေ့စား ဈေးသည်တွေကြား စားဝတ်နေရေး အခက်အခဲဖြစ်မှာကိုလည်း စိုးရိမ်မကင်း ရှိနေကြတယ်လို့  သတင်းမှာ ဖော်ပြသွားပါတယ်။
3 years Ago
Up