ပိတ်မိသေဆုံး

February 1, 2018

မီးလောင် ခြင်ထောင်အတွင်း အမျိုးသမီးတဦး ပိတ်မိသေဆုံး

ထိုင်းနိုင်ငံမှ အမျိုးသမီးတဦးဟာ နေအိမ်မီးလောင်ချိန်မှာ မီးလောင်နေတဲ့ ခြင်ထောင်ထဲမှ ထွက်မရခဲ့ပဲ ရှုပ်ရှုပ်ထွေးထွေးငြိနေခဲ့တဲ့အတွက် မလွတ်မြောက်နိုင်ပဲ သေဆုံးသွားခဲ့ရတယ်လို့ သည်နေးရှင်းသတင်းတပုဒ်မှာ ဖော်ပြပါတယ်။ ဒီအဖြစ်အပျက်ဟာ ဒီကနေ့မနက်အစောပိုင်းက ဥထရာဒိထ်စ်လက်ဘလဲခရိုင်တွင်းမှာ ဖြစ်ခဲ့တာဖြစ်ပြီး ၂ ထပ်သစ်သားအိမ်မှာ မီးလောင်ကျွမ်းမှုဖြစ်ခဲ့တာလို့ ဆိုပါတယ်။ အသက် ၄၁ နှစ်အရွယ်အမျိုးသမီး နီရဒါ ခေါင်နွန်ဟာ ခင်ပွန်းဖြစ်သူနဲ့အတူ မနက် ၈ နာရီလောက်က နေအိမ်ဒုတိယထပ်မှာ အိပ်ပျော်နေခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် မီးလောင်ကျွမ်းမှုဖြစ်တဲ့ အချိန်မှာတော့ မီးစွဲလောင်နေတဲ့ ခြင်ထောင်တွင်းမှ မထွက်နိုင်ခဲ့ပဲ သေဆုံးသွားခဲ့ရကာ ခင်ပွန်းဖြစ်သူကတော့ လွတ်မြောက်သွားခဲ့ပေမယ့် မီးလောင်ဒဏ်ရာတွေ ဆိုးဆိုးဝါးဝါး ရရှိသွားခဲ့တာပါ။ မီးလောင်ကျွမ်းချိန်မှာ သေဆုံးသူအမျိုးသမီးရဲ့ ဖခင်ဖြစ်သူ အသက် ၇၁ နှစ်အရွယ် ယွန်ခေါင်နွန်ဟာ နေအိမ်အောက်ထပ်မှာ ချက်ပြုတ်နေခဲ့တာဖြစ်ပြီး အပေါ်ထပ်က ပေါက်ကွဲသံကြီး ကြားလိုက်ရတယ်လို့ ပြောပါတယ်။ သမီးဖြစ်သူရော၊ သားမက်ဖြစ်သူပါ ညပိုင်းအချိန်တွေ ရက်ဆက်အလုပ်လုပ်ခဲ့ရတဲ့အတွက်  အိပ်ရာကနေ မနိုးနိုင်ခဲ့ဘူးလို့ သူက ပြောပါတယ်။ မီးလောင်ကျွမ်းမှုဟာ နေအိမ်တွင်း တပ်ဆင်ထားတဲ့ လျှပ်စစ်ပန်ကာ နံရံကပ်ပလပ်ခုံမှ တဆင့် ကူးစက်လောင်ကျွမ်းသွားခဲ့တာဖြစ်ပြီး မီးသတ်ကယ်ဆယ်ရေးသမားတွေဟာ အချိန်တနာရီလောက်ကြာအောင် ငြှိမ်းသတ်ခဲ့ရတယ်လို့ ဆိုပါတယ်။ မီးကူးစက်လောင်ကျွမ်းနေချိန်မှာပဲ သေဆုံးသူအမျိုးသမီးရဲ့ ဖခင်ဖြစ်သူက သူတို့ ဇနီးမောင်နှံ ၂ ဦးလုံးကို အော်ဟစ်သတိပေးခဲ့ပေမယ့် သူတို့ကို မနိုးခဲ့ပဲ အိပ်ယာတွေဆီပါ မီးကူးစက်လောင်ကျွမ်းသွားခဲ့တာပါ။ အမျိုးသမီးဟာ လန့်နိုးခဲ့ချိန်မှာ မီးလောင်နေတဲ့ ခြင်ထောင်တွင်းမှ လွတ်မြောက်နိုင်ဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ပဲ သေဆုံးသွားခဲ့ရတာလို့ သတင်းမှာ ဖော်ပြပါတယ်။
4 years Ago

May 28, 2017

တက္ကဆက် ပြည်နယ်တွင် ကလေး ၂ ဦး ကားတွင်း ပိတ်မိသေဆုံး

အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ် လိတ်ခ်ဝယ်သာဖို့ဒ်အရပ်က အိမ်တအိမ်က အသက် ၁၆ လသားအရွယ် ယောက်ျားလေးတဦးနဲ့ အသက် ၂ နှစ်အရွယ် မိန်းကလေးတဦးတို့ဟာ  မေ ၂၆ ရက်နေ့ နေ့လယ်ပိုင်းက ပူလွန်းတဲ့ ကားထဲ ပိတ်မိပြီး သေဆုံးသွားတယ်လို့ အာဏာပိုင်တွေက ပြောလိုက်ပါတယ်။ ဖြစ်စဉ်မှာ ကလေးတွေဟာ လူကြီးတွေကို မပြောမဆိုဘဲနဲ့ ရုတ်တရက် ဘယ်ထွက်သွားမှန်းမသိကြောင်း၊ လိုက်ရှာရာမှ ပိတ်မိနေတဲ့ ကားထဲမှာ ကလေးတွေကို တွေ့ကြောင်း၊ မိခင်က ကားပြတင်းမှန်တချက်ကို ခွဲပြီး ကလေးတွေကို ကယ်ဖို့ ကြိုးစားပေမယ့် ကလေးတွေက တုံ့ပြန်မှု မရှိတော့ဘဲ အချိန်တိုလေးအတွင်းမှာ ၂ ယောက်စလုံး သေသွားတယ်လို့ မိခင်ဖြစ်သူက ပြန်လည်ရှင်းပြကြောင်း စုံစမ်းရေး အရာရှိတွေက ပြောပါတယ်။ ဆွေမျိုးဝမ်းကွဲ တဦးက “အားလုံးက အတော်ဝမ်းနည်းပြီး စိတ်မကောင်းဖြစ်ကြတယ်။ တကယ့်ကို ထိတ်လန့်စရာပါပဲဗျာ၊ ကလေးတွေက သိပ်ငယ်သေးတော့ ကျနော်တို့မှာ ပြောစရာ စကားတောင် မရှိပါဘူးဗျာ” လို့ ပြောပါတယ်။ အိမ်နီးချင်းတဦးကလည်း “တကယ့်ကို ကြေကွဲစရာပါ၊ မိသားစုအတွက် ဆုတောင်းပေးပါတယ်၊ အိမ်နီးချင်းအားလုံးကလည်း ဒီကြေကွဲစရာ ကိစ္စအတွက် ကျနော့်လိုပဲ ဆိုတာ ကျနော်သိပါတယ်” လို့ ပြောပါတယ်။ အာဏာပိုင်တွေကတော့ စုံစမ်းနေဆဲဖြစ်ပေမယ့် အရမ်းပူလွန်းလို့ သေဆုံးတယ်လို့ပဲ သံသယရှိနေကြကြောင်း ရိုက်တာသတင်းမှာ ရေးထားပါတယ်။
4 years Ago
Up