ပိတ်ပင်ကန့်သတ်

September 14, 2017

ခန္တီးကနေ နန်စီပွန်ဒေသကိုပို့မည့် ဆန်နှင့်ဆီများအား ပိတ်ပင်ကန့်သတ်

စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့နယ်ကနေ နန်စီပွန်နဲ့ တနိုင်းဒေသဘက်ကို ဆန်အပါအ၀င် စားသောက်ကုန်တွေနဲ့ စက်သုံးဆီတွေ အများအပြားသယ်ယူခွင့်မပေးတော့ဘဲ ဒီကနေ့ကစပြီး ပိတ်ပင်လိုက်ပါတယ်။ စားဖို့အတွက် တအိတ်စနှစ်စသယ်ယူခွင့်ပေးပေမယ့် အများအပြား သယ်ယူခွင်မပေး တာဖြစ်ပြီး ဒါဟာဒေသလုံခြုံရေးအတွက် ပိတ်ပင်လိုက်တာဖြစ်တယ်လို့ ခန္တီးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးခင်မောင်ဆင့်က ပြောပါတယ်။ “ပိတ်တယ်ဆိုတာ ဒါက ဒေသလုံခြုံရေးအတွက်ပါ။ ဒေသက သူတို့ဝမ်းစာအတွက် တအိတ် စနှစ်အိတ်စအတွက်သယ်တာကို ပိတ်တာမဟုတ်ဘူး။ အင်နဲ့အားနဲ့ ပွင့်ပွင့်လင်း လင်းပြောရရင် တဖက်အဖွဲ့အစည်း ကေအိုင်အေဘက်ကို ရောက်သွားမှာ စိုးလို့ ထိန်းထားတာ။ နယ်မြေလုံခြုံရေး အရ ထိန်းထားတာ။ နန်းစီပွန်က ဖားလမုန်းလမ်းကနေ ကေအိုင်အေဘက်ကို သွားလို့ရပြီလေ။ ကေအိုင်အေတဖက်အဖွဲ့အစည်းဘက်ကို ရောက်သွားမှာစိုးလို့ တပ်ကနေပြီး လုံခြုံရေးယူပြီး ထိန်းပေးထားတာ။” ခန္တီးကနေ နန်စီပွန်ကျေးရွာဘက်သယ်မယ့်ဆန်၊ စက်သုံးဆီနဲ့ စားသောက်ကုန်တွေကို ဒီကနေ့မှ စပြီး စတင်ပိတ်ပင်လိုက်တာဖြစ်ပြီး ခန္တီးကနေ ပဒူးမုန်းဘက်ကိုတော့လွန်ခဲ့တဲ့ တပတ်လောက်ကတည်းကစပြီး အခုလို့ ကန့်သတ်ပိတ်ပင်လိုက်တာလို့လည်း ဦးခင်မောင်ဆင့်က ပြောပါတယ်။ ဒီလိုကန့်သတ်ပိတ်ပင်လိုက်တာဟာ ဒေသလုံခြုံရေးအတွက်ဆိုပြီး ဒေသအခြေစိုက် ခမရ  ၃၄၇ ဗျူဟာနဲ့ ခန္တီးခရိုင်အုပ်ချုပ်ရေးအဖွဲ့က ပိတ်ပင်လိုက်တာလို့ ဆိုပါတယ်။ ခန္တီးမြို့နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမောင်တေးကတော့ အခုလို ဆန်နဲ့ စားသောက်ကုန်တွေ ပိတ်လိုက်တဲ့အတွက် နန်စီပွန်ဒေသက ဒေသခံလူထု ၁သောင်းလောက်က တော့ ကုန်းဈေး နှုန်းမြင့်တက်မှုနဲ့ ကြုံတွေ့ရနိုင်တယ်လို့ ပြောပါတယ်။ “နန်စီပွန်ဒေသတခုလုံးကို ပိတ်တာဆိုတော့ အဲဒီမှာ ရွာ ၄ ရွာရှိတယ်လေ။ ဒေသခံ ၁ သောင်းနီးနီးလောက်ရှိတာကို၊ ခန္တီးခရက အုပ်ချုပ်ရေးမှူးကနေပြီးတော့ ကေအိုင်အေ နယ်မြေဖြစ်တယ်၊ အဲဒါကြောင့်ပိတ်တယ်ပြောတယ်။ တကယ်တန်းကျတော့ အဲဒါ ကေအိုင်အေ နယ်မြေမှမဟုတ်တာ။ အဲလိုပိတ်ထားမယ်ဆိုရင်တော့ ကုန်ဈေးနှုန်းက အဆမတန်တက်မယ်။ ၂ တချက်ကတော့ အဲမှာဆူပူလာမယ်ပေါ့နော်။ “အဆိုပါ နန်စီပွန်ဒေသကို အစားအသောက်တွေ သယ်ရာမှာ ကားလမ်းအဆင်မပြေတဲ့ အတွက်စက် လှေတွေနဲ့ သယ်နေကြရတာဖြစ်ပြီး ဆန် ၁၀ အိတ်အထက်ကို ခွင့်မပြုတဲ့ အတွက်လည်း အဆင်မပြေမှုတွေ ရှိနေတယ်” လို့လည်း ဦးမောင်တေးက ပြောပါတယ်။
4 years Ago

April 2, 2017

မုတ်ဆိတ်မွေးအရှည်ထားမှုနှင့် ခေါင်းမြီးခြုံမှု တရုတ်အစိုးရ ပိတ်ပင်ကန့်သတ်

တရုတ်နိုင်ငံအနောက်ပိုင်းက အစ္စလာမ်ဘာသာဝင် အများစုနေထိုင်တဲ့ ရှင်းကျန်းပြည်နယ်မှာ မွတ်စလင်အစွန်းရောက်မှုတွေ ကာကွယ်တားဆီးဖို့ ပိတ်ပင်ကန့်သတ်မှုတချို့ တရုတ်အစိုးရက ပြဋ္ဌာန်းလိုက်ပါတယ်။ အခုတပတ်ကနေ စတင်အကျိုးသက်ရောက်မယ့် ပိတ်ပင်တားဆီးမှုတွေထဲမှာ ရှင်းကျန်းဒေသခံအမျိုးသားတွေ မုတ်ဆိတ်မွေး အလွန်အကျွံ အရှည်ထားတာတွေ၊ အများပြည်သူနဲ့ သက်ဆိုင်တဲ့နေရာတွေမှာ မွတ်စလင်အမျိုးသမီးတွေ ခေါင်းခြုံတာတွေ၊ အစိုးရပိုင် ရုပ်သံသတင်းမကြည့်ပဲနေတာတွေကို အစိုးရက ပိတ်ပင်လိုက်တာပါ။ ရှင်းကျန်းပြည်နယ်ဟာ တရုတ်မွတ်စလင် ၀ီဂါလူမျိုးစုတွေ အများစုနေထိုင်တဲ့ နိုင်ငံအနောက်စွန်းပိုင်းက ပြည်နယ်တခုဖြစ်ပြီး သူတို့ကို တရုတ်အစိုးရက ပိတ်ပင်ဖိနှိပ်တယ်လို့ ပြောဆိုကြတာပါ။ ပြီးခဲ့တဲ့နှစ်တွေအတွင်း ရှင်းကျန်းပြည်နယ်အတွင်း အစိုးရကို ဆန့်ကျင်ဆန္ဒပြပွဲတွေ၊ အကြမ်းဖက်တိုက်ခိုက်မှုတွေဖြစ်ခဲ့ပြီး အစိုးရကတော့ မွတ်စလင်အစွန်းရောက်တွေကြောင့်၊ ပြည်နယ်ခွဲထွက်ရေးတွေကြောင့်လို့ စွပ်စွဲတာပါ။ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူတွေကတော့ အခုလို အစိုးရက တင်းကျပ်တဲ့ ပိတ်ပင်မှုတွေ ထပ်လုပ်လာတာ၊ ဒီဝီဂါလူမျိုးတွေကို ပိုပြီးအစွန်းရောက်အောင် တွန်းပို့သလိုပဲဖြစ်မယ်လို့ ဝေဖန်ကြပါတယ်။ အခုပိတ်ပင်မှုသစ်တွေထဲမှာ ဒေသခံတွေ၊ ကလေးတွေကို အစိုးရကျောင်းတွေ မပို့တာ။ မိသားစုသားဆက်ခြားရေးကို မလိုက်နာကြတာ၊ အစိုးရက တရားဝင်ထုတ်ပေးထားတဲ့ ကတ်တွေ၊ စာရွက်စာတမ်းတွေကို ဖျက်ဆီးပစ်တာ၊ ဘာသာရေးထုံးစံတခုတည်းနဲ့ ထိမ်းမြားမင်္ဂလာဆောင်တာတွေလည်း အစိုးရက ပိတ်ပင်လိုက်ပါတယ်။
4 years Ago
Up