ကျောက်တံခါးမြို့နယ်မှာ ရေကြီးနစ်မြုပ်ခဲ့တဲ့ စာသင်ကျောင်းတွေ ကျောင်းပြန်ဖွင့်ပြီးရင် ပိတ်ရက်တွေနဲ့ အစားထိုးသင်ကြားသွားမယ်လို့ ပညာရေးမှူးက ပြောပါတယ်။
ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ်အတွင်း ရေကြီးနစ်မြုပ်ခဲ့လို့ ၂ ပတ်လောက် ပိတ်ထားရတဲ့ စာသင်ကျောင်းတွေ ရေကျချိန်မှာ ပြန်ဖွင့်မှာဖြစ်ပြီး ကျောင်းသတင်းပတ် တပတ်ထဲက ပိတ်ရက် ၂ ရက်မှ ၁ ရက်ကို အစားထိုးပြန်လည်သင်ကြားရမယ်လို့ ကျောက်တံခါးမြို့နယ် တွဲဖက်ပညာရေးမှူး ဦးဇင်မင်းအောင်က ပြောပါတယ်။
၂ဝ၁၇-၁၈ ပညာသင်နှစ်ကစပြီး တနိုင်ငံလုံး အတိုင်းအတာအနေနဲ့ စာသင်ကျောင်းများကို ဝါတွင်းကာလမှာ တနင်္ဂနွေ၊ ဥပုသ် နှစ်ရက်ကို ကျောင်းပိတ်ဖို့ ပညာရေးဌာနက ပြင်ဆင်သတ်မှတ်ခဲ့ပါတယ်။
ပဲခူးတိုင်းအရှေ့ စစ်တောင်းမြစ်ဝှမ်းတလျောက် ရေစတင်ကြီးခဲ့တဲ့ ဇူလိုင် ၂၆ ကနေ ပိတ်ခဲ့တဲ့ မြိ့နယ်အလိုက် ကျောင်းတွေကတော့ ဖြူးမြို့နယ် ၂၂ ကျောင်း၊ ကျောက်ကြီးမြို့နယ် ၅၃ ကျောင်း၊ ကျောက်တံခါးမြို့နယ် ၁၁ ကျောင်း၊ရွှေကျင်မြို့နယ် ၈ဝ ကျောင်း၊ညောင်လေးပင်မြို့နယ် ၄၄ ကျောင်း၊ ဝေါမြို့နယ် ၃၈ကျောင်း ဖြစ်ပြီး သြဂုတ်လ ၆ ရက်နေ့ကစပြီး ရေပြန်ကျလာတာကြောင့် မြို့ပေါ်ကျောင်းအချို့ ပြန်လည် ဖွင့်လှစ်နေကြပါတယ်။
ပြည်လည်ထူထောင်ရေး ကာလအဖြစ် ရေဝင်သွားခဲ့တဲ့ တချို့စာသင်ကျောင်းတွေမှာ ကျောင်းသုံးပရိဘောဂနဲ့ ကလေးငယ်တွေရဲ့နေအိမ် ရေနစ်မြုပ်ခဲ့လို့ စာရေးကရိယာတွေ လိုအပ်နေပါတယ်လို့ သိရပါတယ်။
ဗိုလ်သူရိန်
5 years Ago