ပါဝင်

January 19, 2018

မူးယစ်ရောင်းဝယ်မှု အရှုပ်တော်ပုံတွင် ထိုင်းအကျင့်ပျက်ရဲများ ပါဝင်

ထိုင်းနိုင်ငံ မူးယစ်နှိမ်နင်းရေးဌာန (အန်အက်စ်ဘီ) က အဝေးပြေးလမ်းရဲတွေ ပါဝင်ပတ်သက်နေတဲ့ မူးယစ်ရောင်းဝယ်မှု အရှုပ်တော်ပုံကို ပိုပြီးနက်နက်နည်းနည်း ရှာဖွေစုံစမ်းမှုတွေ လုပ်နေပါတယ်။ လာအိုနိုင်ငံက မူးယစ်ဆေးဝါးတွေကို ထိုင်းနိုင်ငံတောင်ပိုင်းက ဝယ်သူတွေဆီ ရောင်းချရာမှာ အခြားရဲအရာရှိတချို့ ပါဝင်မှုရှိတယ်လို့ မူးယစ်နှိမ်နင်းရေးဌာနက ယူဆနေပါတယ်။ ဒါကို သူ တယောက်တည်း မလုပ်နိုင်ပါဘူးလို့ အန်အက်စ်ဘီရဲ့ အကြီးအကဲဖြစ်သူ စုမ်မိုင်က မူးယစ်ရောင်းချမှုမှာ ပါဝင်ခဲ့တဲ့ ရဲအရာရှိ ထနာကရစ်နစ်စာဖန်ကို ရည်ညွှန်းပြီး ဇန်နဝါရီလ ၁၈ ရက်နေ့မှာ ပြောခဲ့ပါတယ်။ မူးယစ်ဆေးဝါး ဆန့်ကျင်ရေးဌာနက သက်သေတွေ စုဆောင်းနေပြီး မူးယစ်ရောင်းဝယ်ရေးဂိုဏ်းမှာ အခြားရဲအရာရှိတွေက အစိတ်အပိုင်းတခုအဖြစ် ပါဝင်တာ ဟုတ်မဟုတ် ဖော်ထုတ်နိုင်ဖို့ စုံစမ်းမှုကို တိုးမြှင့်လုပ်နေကြတာပါ။ ရဲအရာရှိ ထနာကရစ်ကို ဇန်နဝါရီ ၁၆ ရက်နေ့က ခလောင်လူရန်ခရိုင် ပဒုံဌာနီမှာ ခလောင်လူရန်ရဲနဲ့ အန်အက်စ်ဘီ ရှောင်တခင်စစ်ဆေးခဲ့တဲ့ အိမ်မှာ တွေ့ခဲ့ပြီး သူ့ဇနီး မူးယစ်ဂိုဏ်းရဲ့ သံသယဖြစ်ဖွယ်ခေါင်းဆောင် ထစ်အာဖာကိုတော့ အစောပိုင်းက ဖမ်းခဲ့ပါတယ်၊ အဲ့ဒီနောက် ဒီစစ်ဆင်ရေးကို လုပ်ဆောင်ခဲ့တာပါ။ ရဲအရာရှိ ထနာကရစ်ကို အဝေးပြေးလမ်းရဲအဖွဲ့ နံပါတ် ၈ ကနေ စုံစမ်းရေးဌာနဆီ ဇန်နဝါရီလ ၁၇ ရက်နေ့နောက်ပိုင်းက ပြောင်းရွှေ့ခဲ့ပြီး သူ့ကို နိုင်ငံတော်ရဲချုပ် ချက်ထစ်ပ်ချိုင်ဂျင်ဒါက သူ့ဆန္ဒအရ နေရာရွှေ့ပြောင်းခဲ့တာပါ။ မူးယစ်ဆေးဝါးတွေ အထူးသဖြင့် မရီဝါးနားခေါ် ဆေးခြောက်တွေကို နောင်ခိုင်က တဆင့် လာအိုကနေ ဆောင်ခလမြို့ကို ပို့တဲ့အခါ ရှာဖွေရေးလွှတ်ဖို့ ဘယ်လမ်းတွေ သုံးရမယ်ဆိုတာ အဝေးပြေးလမ်းမရဲက သူ့ဇနီးကို သတင်းပေးကြောင်း ရဲတွေက စွပ်စွဲထားပါတယ်။ ရဲအရာရှိ ထနာကရစ်က စွပ်စွဲချက်တွေအားလုံးကို ငြင်းဆန်လိုက်ပေမယ့် ရထားတဲ့ သက်သေတွေက သူ့ကို တရားစွဲဖို့ လုံလောက်တယ်လို့ အန်အက်စ်ဘီ အကြီးအကဲက ပြောပါတယ်။ ထနာကရစ်က သူ့ဇနီး မူးယစ်ဆေးဝါး သယ်ဆောင်ဖို့ မော်တော်ယာဉ် သုံးစွဲတာနဲ့ ငွေကြေး လွှဲပြောင်းတဲ့ ကိစ္စတွေမှာလည်း ပူးပေါင်းလုပ်ဆောင်တယ်လို့ ရဲအရာရှိ စုမ်မိုင်က စွပ်စွဲပြီး ထိုင်းဘတ်ငွေ ၂ သန်းကို ရှောင်တခင်စစ်ဆေးတဲ့ အိမ်ကနေ ဖက်ချဘူရီခရိုင်မှာရှိတဲ့ နေရာတခုဆီ သူ ရွှေ့ပြောင်းလိုက်တယ်လို့လည်း ပြောပါတယ်။ ရဲအရာရှိချက်ထစ်ပ်က မူးယစ်ဆေးဝါးနဲ့ ဆက်စပ်မှုရှိတဲ့ ရဲတွေအတွက် ဘယ်နေရာမှ ပုန်းဖို့ မြေမရှိဘူးလို့ ပြောပြီး အခြားအကျင့်ပျက်ရဲတွေကိုပါ လိုက်လံရှာဖွေဖမ်းဆီးဖို့ ဇန်နဝါရီ ၁၈ ရက်နေ့က မီးစိမ်းပြလိုက်ပါတယ်။ နိုင်ငံနဲ့အဝှမ်း မူးယစ်နှိမ်နင်းရေးလုပ် ၅၉ နေရာပြုလုပ်ခဲ့ပြီး ပြီးခဲ့တဲ့သောကြာနေ့က နောက်ဆုံးရက်ဖြစ်တဲ့ ၈ ရက်ကြာ မူးယစ်နှိမ်နင်းရေး လှုံ့ဆော်မှုအတွင်း အာဏာပိုင်တွေ ပစ်မှတ်ထားတဲ့ မူးယစ်ဂိုဏ်း ၄ ဂိုဏ်းထဲက ၁ ဖွဲ့နဲ့ ထနာကရစ်ရဲ့ ဇနီး မစ္စထစ်အာဖာဟာ အဆက်အသွယ်ရှိတာလို့ ဆိုပါတယ်။ ၈ ရက်ကြာ မူးယစ်နှိမ်နင်းရေး လှုံ့ဆော်မှုအတွင်း မက်သာအဖက်တမင်း ဆေးပြား ၃.၆ သန်း၊ အိုင်းစ် ၂ ကီလိုဂရမ်၊ ကိုကင်း ၇၇၀ ဂရမ်၊ ပစ္စတို ၂၁ လက်၊ ကား ၁၁ စီး၊ မြေ ၂၁ ကွက်၊ ကွန်ဒိုတိုက်ခန်းတွေ၊ ငွေသား ဘတ် ၈ သန်းနဲ့ ရွှေ စုစုပေါင်း ငွေကျပ်တန်း ဘတ် ၉၁၀ သန်းဖိုး ရဲတွေက သိမ်းဆည်းမိတယ်လို့ ဘန်ကောက်ပို့စ်သတင်းမှာ ဇန်နဝါရီလ ၁၈ ရက်နေ့က ဖော်ပြထားပါတယ်။
3 years Ago
Up