ပါလက်စတိုင်း ၁ ဦး

June 24, 2020

အစ္စရေးရဲကို ကားနှင့်ဝင်တိုက်ရန်ကြိုးစားသည့် ပါလက်စတိုင်း ၁ ဦး ပစ်သတ်ခံရ

အစ္စရေး သိမ်းပိုက်ခံ အနောက်ဘက်ကမ်းဒေသက စစ်ဘက် စစ်ဆေးရေးစခန်းတခုမှာ အစ္စရေး ရဲတွေကို ကားနဲ့ ဝင်တိုက်ဖို့ ကြိုးစားခဲ့တဲ့ ပါလက်စတိုင်းတယောက်ကို ရဲတွေက ဇွန် ၂၃ ရက်မှာ အသေပစ်သတ်ခဲ့ပါတယ်။ အာမဒ်အီရေကတ် သေဆုံးမှုအတွက် ပါလက်စတိုင်း အရာရှိတွေက အစ္စရေးကို မေးခွန်းထုတ်ခဲ့ပါတယ်။ အာမဒ်ဟာ သူ့ညီမ မင်္ဂလာဆောင်နေ့အတွက် အနားက ဘက်သလေဟမ်မြို့က မိသားစုဝင်တွေကို  ဆံပင်အလှပြင်ဆိုင်ကနေ သွားကြိုဖို့ အရေးတကြီး ဖြစ်နေခဲ့တာလို့ ပါလက်စတိုင်း အရာရှိတွေက ပြောပါတယ်။ ဂျေရုဆလင်မြို့ အရှေ့ဘက်က အဘူဒစ်မြို့နား စစ်ဆေးရေးစခန်းမှာ အရံအတားတွေကို ကားနဲ့ ဝင်တိုက်ခဲ့လို့ ရဲအရာရှိတယောက် ဒဏ်ရာနည်းနည်းရခဲ့တယ်လို့ အစ္စရေး ရဲပြောခွင့်ရက ပြောပါတယ်။ ပါလက်စတိုင်း လွတ်မြောက်ရေးအဖွဲ့ အတွင်းရေးမှူးချုပ် ဆာအိဘ်အီရေကတ်ကလည်း သေဆုံးသူဟာ သူ့ဆွေမျိုးဖြစ်ပြီး နောက်အပတ်မှာ မင်္ဂလာဆောင်မယ့်သူလို့ ပြောပါတယ်။ အစ္စရေး ဝန်ကြီးချုပ် နေတန်ယာဟု အစိုးရက အနောက်ဘက်ကမ်းဒေသကို သိမ်းပိုက်ရေး ဆွေးနွေးပွဲကို ဇူလိုင် ၁ ရက်မှာ စမှာမို့ လတ်တလော သီတင်းပတ်တွေမှာ တင်းမာမှု မြင့်နေပါတယ်။ ၁၉၆၇ ခုနှစ်မှာ အစ္စရေးက သိမ်းပိုက်ခဲ့တဲ့ အနောက်ဘက်ကမ်းဒေသဟာ ပါလက်စတိုင်းတွေက ကိုယ်ပိုင်နိုင်ငံ ထူထောင်ဖို့ ရည်မှန်းထားတဲ့ နေရာပါ။ ကမ္ဘာ့အင်အားကြီးနိုင်ငံ အများစုလိုပဲ ပါလက်စတိုင်းကလည်း အနောက်ဘက်ကမ်းကို သိမ်းပိုက်ရေး အစီအစဉ်ကို အပြင်းအထန် ဆန့်ကျင်နေပါတယ်။
11 months Ago
Up