ဒါဇင်နဲ့ချီတဲ့ ပါလက်စတိုင်း ဆန္ဒပြသူတွေဟာ အနောက်ဘက်ကမ်းက ဘက်သလေဟမ် မြို့ထဲမှာ ရှိတဲ့ နာတစ်ဗစ်တီ ခရစ်ယာန်ဘုရားကျောင်းရှေ့မှာ ဇွန် ၂ ရက်က စုရုံးခဲ့ကြပါတယ်။
အမေရိကန်မှာ လူမည်းတွေ ဖိနှိပ်ခံရမှုနဲ့ ပါလက်စတိုင်းတွေအပေါ် အစ္စရေးတပ်တွေ ရန်လိုမှုကို ဆန့်ကျင် ဆန္ဒပြခဲ့ကြတာပါ။
ဘက်သလေဟမ်က ဆန္ဒပြသူတွေဟာ လူဖြူ အမေရိကန် ရဲကြောင့် သေဆုံးခဲ့ရတဲ့ လူမည်း အမျိုးသား ဂျော့ချ်ဖလွိုက်ဒ်နဲ့ ဂျေရုဆလင်မှာ အစ္စရေးတပ်တွေက ပစ်သတ်လို့ သေဆုံးခဲ့တဲ့ အိုင်းယတ်အယ်လ်ဟာလခ်ရဲ့ ဓာတ်ပုံတွေရှေ့မှာ ဖယောင်းတိုင်တွေ ထွန်းညှိထားပြီး လူမည်း အသက်လည်း အရေးပါတယ်၊ ပါလက်စတိုင်း အသက်လည်း အရေးပါတယ်လို့ ကြွေးကြော်ခဲ့ကြပါတယ်။
ဂျေရုဆလင်မြို့ဟောင်းထဲမှာ ပါလက်စတိုင်းတယောက် လက်နက် သယ်လာတယ်လို့ သံသယရှိလို့ အရာရှိတွေက ပစ်သတ်ခဲ့တာလို့ အစ္စရေး ရဲတပ်ဖွဲ့ ပြောခွင့်ရက ပြောပါတယ်။ ဒါပေမဲ့ အဲဒီအမျိုးသားမှာ လက်နက် မပါတာကို နောက်မှ တွေ့ခဲ့တယ်လို့ အစ္စရေး မီဒီယာက ပြောပါတယ်။
တဲလ်အဗီမြို့က အမေရိကန် သံရုံးရှေ့မှာလည်း လူ ၃၀၀ လောက် စုရုံးခဲ့ပြီး လူမည်း အမေရိကန် ဂျော့ချ်ဖလွိုက်ဒ် သေဆုံးမှုနဲ့ ပတ်သက်လို့ ဆန္ဒပြခဲ့ကြပါတယ်။
မီနီယာပိုလစ်မြို့ အသက် ၄၄ နှစ်အရွယ် ရဲအရာရှိ ဒဲရက်ခ်ချောင်ဗင်ဟာ ဖလွိုက်ဒ်ရဲ့ လည်ပင်းကို ဒူးနဲ့ ၉ မိနစ်နီးပါး ထောက်ထားခဲ့လို့ ဖလွိုက်ဒ် သေဆုံးခဲ့တာပါ။
ရဲအရာရှိကို တတိယအဆင့် လူသတ်မှုနဲ့ ဒုတိယအဆင့် လူသေစေမှုတွေနဲ့ တရားစွဲ အရေးယူထားပါတယ်။
ဒီအမှုကြောင့် လူမျိုးရေး နိုင်ငံရေး ခွဲခြားဖိနှိပ်မှုကို ကန့်ကွက်တဲ့အနေနဲ့ အမေရိကန် နိုင်ငံအနှံ့ ပြည်လုံးကျွတ် ဆန္ဒပြပွဲတွေ ပေါ်ပေါက်ခဲ့ပြီး လူထောင်သောင်းချီ ပါဝင်ခဲ့ပါတယ်။
11 months Ago