ပါလက်စတိုင်း စစ်သွေးကြွနေအိမ်ကို အစ္စရေးစစ်တပ် ဖျက်ဆီး (ရုပ်သံ)

October 7, 2015

ပါလက်စတိုင်း စစ်သွေးကြွနေအိမ်ကို အစ္စရေးစစ်တပ် ဖျက်ဆီး (ရုပ်သံ)

အစ္စရေးတပ်တွေက ဂျေရုဆလင်မြို့မှာ ပါလက်စတိုင်းစစ်သွေးကြွ ၂ ဦးရဲ့အိမ်ကို ပြီးခဲ့တဲ့ အောက်တိုဘာ ၆ ရက်နေ့က ဖျက်ဆီးခဲ့ပြီး နောက်အိမ်တလုံးကို ချိပ်ပိတ်လိုက်ပါတယ်။ ပါလက်စတိုင်းတွေရဲ့ တိုက်ခိုက်မှုအတွင်း အစ္စရေးစစ်သား ၄ ဦး သေဆုံးအပြီး ဝန်ကြီးချုပ် နေတန်ယာဟုက နှိမ်နင်းမှုတွေကို စလိုက်တာပါ။ ပြီးခဲ့တဲ့အပတ်က ဓားထိုးမှုကြောင့် အစ္စရေး ၄ ဦး သေပြီး ၃ ဦး ဒဏ်ရာရပါတယ်။ ဒီအတွက် ပါလက်စတိုင်း စစ်သွေးကြွတွေကို အပြစ်တင်ထားပါတယ်။ အရှေ့ဂျေရုဆလင်ကနေ အနောက်ဘက်ကမ်းပါးထိ အကြမ်းဖက်မှုတွေ ပြင်းထန်လာခဲ့တာပါ။ အောက်တိုဘာ ၄ ရက်နေ့က အနောက်ဘက်ကမ်းပါးမှာ အစ္စရေးစစ်သားတွေနဲ့ ရုန်းရင်းဆန်ခတ်မှုအတွင်း ပါလက်စတိုင်း ၂ ဦး သေဆုံးပြီး အယောက် ၁၇၀ လောက် ဒဏ်ရာရပါတယ်။ ပါလက်စတိုင်းသမ္မတ မာမွတ်အဘတ်စ်က အောက်တိုဘာ ၅ ရက်နေ့ နှောင်းပိုင်းမှာ လုံခြုံရေး အရာရှိတွေနဲ့ အစည်းအဝေး လုပ်ခဲ့ပါတယ်။ သမ္မတက စစ်တပ်ကောင်စီနဲ့ လုံခြုံရေး ခေါင်းဆောင်တွေကို သတိထား တပ်လှန့်ထားဖို့နဲ့ အခြေအနေကို ပိုမြန်လာအောင် အစ္စရေးတွေလုပ်ဖို့ အခွင့်အရေး မရစေဖို့ မှာခဲ့တယ်လို့ ပါလက်စတိုင်း အစိုးရသတင်းဌာန (WAFA) က ပြောပါတယ်။ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုကတော့ သူ့ရဲ့ လက်ယာယိမ်း အစိုးရနဲ့ ဂျူးအခြေချ နေထိုင်သူ ခေါင်းဆောင်တွေရဲ့ ဖိအားကြောင့် အကြမ်းဖက်မှုထိန်းချုပ်ရေး လုပ်ငန်းစဉ်တွေကို အောက်တိုဘာ ၅ ရက်နေ့က  ကြေညာခဲ့တာပါ။ လုံခြုံရေး အခြေအနေတွေကြောင့် ဒီသီတင်းပတ် နှောင်းပိုင်းမှာ သွားမယ့် နေတန်ယာဟုရဲ့ ဂျာမနီနိုင်ငံ ၂ ရက်ကြာ ခရီးစဉ်ကို ၁ ရက်အဖြစ် လျှော့ချခဲ့ပါတယ်။
6 years Ago
Up