ပါလက်စတိုင်း

June 28, 2019

ဂျေရုဆလင်တွင် အစ္စရေးရဲတပ်ဖွဲ့ဝင်က ပါလက်စတိုင်းတဦးကို ပစ်သတ်

အစ္စရေးနိုင်ငံ ဂျေရုဆလင် အရှေ့ပိုင်းမှာ ဇွန်လ ၂၇ ရက်နေ့က ပါလက်စတိုင်းတယောက်ကို အစ္စရေး ရဲတပ်ဖွဲ့ဝင်တွေ ပစ်သတ်ခဲ့တယ်လို့ ပါလက်စတိုင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။ ပါလက်စတိုင်း အမျိုးသားဟာ တာဝန်ကျရဲတပ်ဖွဲ့ဝင်တွေကို မီးပန်းတွေနဲ့ ပစ်ပေါက်ပြီး အသက်အန္တရာယ် ခြိမ်းခြောက်တဲ့ အခြေအနေမို့ ရဲတပ်ဖွဲ့က တုံ့ပြန်ပစ်ခတ်ခဲ့တယ်လို့ အစ္စရေး တာဝန်ရှိသူတဦးက ပြောပါတယ်။ ဒေသခံတဦးကတော့ သူတို့ ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြနေတာကို အစ္စရေးရဲတပ်ဖွဲ့က လာပြီး ဘာမှမကျူးလွန်တဲ့ လူငယ်တယောက်ကို ပစ်သတ်ခဲ့တယ်လို့ ပြောပါတယ်။ ဒီဖြစ်ရပ်နဲ့ပတ်သက်လို့ အစ္စရေးရဲတပ်ဖွဲ့က အသေးစိတ် မပြောခဲ့ဘူးလို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။
2 years Ago

March 27, 2019

ဂါဇာဒေသတွင် အပြန်အလှန် ပစ်ခတ်နေခြင်းများကို ကုလအကြီးအကဲ ရှုတ်ချ

ဂါဇာဒေသမှာ အစ္စရေးနဲ့ ဟားမတ်စ်စစ်သွေးကြွအဖွဲ့တို့ အပြန်အလှန် ပစ်ခတ်နေကြတာတွေ ထိန်းထိန်းသိမ်းသိမ်း လုပ်ကြဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂိုတာရက်စ်က မတ်လ ၂၅ ရက်မှာ တိုက်တွန်း ပြောကြားလိုက်ပါတယ်။ ဂါဇာဒေသကို ထိန်းချုပ်ထားတဲ့ ဟားမတ်စ်အဖွဲ့က အစ္စရေးဘက်ကို တာဝေးပစ်ဒုံးကျည်နဲ့ ပြန်လည်ပစ်ခတ်ခဲ့တဲ့နောက်မှာ လက်တုံ့ပြန်တဲ့အနေနဲ့ အစ္စရေးစစ်တပ်က ပါလက်စတိုင်းတွေ နေထိုင်တဲ့ ဂါဇာဒေသကို လေကြောင်းကနေ ပြန်တိုက်ခဲ့သလို မတ်လ ၂၆ ရက်နေ့မှာတော့ ဂါဇာနယ်စပ်မှာ စစ်အင်အား တိုးမြှင့်ချထားလိုက်ပါတယ်။ “ဒုံးကျည်တွေနဲ့ အပြန်အလှန် ပစ်ခတ်နေတာတွေကို ရှုတ်ချတယ်ဆိုတာ ရှင်းရှင်းပဲ ပြောချင်ပါတယ်။ ဒါပေမယ့် အခြေအနေတွေ ပိုမဆိုးလာစေဖို့ လိုအပ်တယ်လို့ ကျနော်တို့ ယုံကြည်ပါတယ်။ ထိန်းထိန်းသိမ်းသိမ်း လုပ်ကြရပါမယ်။ ဒါ့ကြောင့် အစ္စရေး၊ ဂါဇာနဲ့ ပါလက်စတိုင်းတို့က ပြည်သူတွေ မထိခိုက်စေရေး လက်ရှိအခြေအနေကို ထိန်းကြဖို့ တိုက်တွန်းပါတယ်” လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂိုတာရက်စ်က ပြောပါတယ်။ အစ္စရေးနဲ့ ဟားမတ်စ်စစ်သွေးကြွအဖွဲ့အကြား နှစ်ဖက် စစ်ရေးအခြေအနေ တင်းမာနေချိန် အမေရိကန် ရောက်နေတဲ့ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုလည်း မတ်လ ၂၆ ရက်နေ့က အစ္စရေးကို ပြန်လာခဲ့ရပါတယ်။ အစ္စရေးရွေးကောက်ပွဲ ကျင်းပဖို့ သီတင်းနှစ်ပတ်အလိုမှာ အခုလို တိုက်ခိုက်မှုတွေ ပြင်းထန်ခဲ့တာကြောင့် အစ္စရေးတောင်ဘက်ပိုင်းမှာ စာသင်ကျောင်းတွေ ပိတ်ထားရပါတယ်။ ဟားမတ်စ်အဖွဲ့က ဂါဇာဒေသကို ထိန်းချုပ်ခဲ့တဲ့ ၂၀၀၇ ကတည်းက အစ္စရေးဟာ အဲဒီဒေသမှာ သုံးကြိမ်တိုင်တိုင် စစ်ပွဲဆင်နွှဲခဲ့ပါတယ်။
2 years Ago
More News
Up