ပါလက်စတိုင်း တိုက်ခိုက်သူကို အသေပစ်သတ်ခဲ့သည့် အစ္စရေးစစ်သား ထောင်ဒဏ်ချမှတ်ခံရ

February 23, 2017

ပါလက်စတိုင်း တိုက်ခိုက်သူကို အသေပစ်သတ်ခဲ့သည့် အစ္စရေးစစ်သား ထောင်ဒဏ်ချမှတ်ခံရ

ဒဏ်ရာနဲ့ မလှုပ်နိုင်ဘဲ လဲနေတဲ့ ပါလက်စတိုင်း တိုက်ခိုက်သူကို အသေပစ်သတ်ခဲ့တဲ့ အစ္စရေးစစ်သားကို ဖေဖော်ဝါရီ ၂၁ ရက်နေ့က ထောင်ဒဏ် ၁၈ လ ပြစ်ဒဏ် စီရင်လိုက်ပါတယ်။ ဒီထောင်ဒဏ်ဟာ အစိုးရရှေ့နေတွေက အဆိုပြုထားတဲ့ ပြစ်ဒဏ်ထက် အများကြီး လျော့နည်းနေလို့ ပါလက်စတိုင်းတွေ ဒေါသထွက်ခဲ့ပါတယ်။ ဒီအမှုဟာ အစ္စရေးသမိုင်းမှာ သဘောထားကွဲပြားမှု အများဆုံး အမှုတွေထဲက တခုဖြစ်လာပါတယ်။ အသေပစ်သတ်ခံရတဲ့ ပါလက်စတိုင်း တိုက်ခိုက်သူဟာ မတ်လကလည်း သိမ်းပိုက်ခံ အနောက်ဘက်ကမ်းပါးမှာ တခြားစစ်သားတယောက်ကို ဓားနဲ့ထိုးခဲ့ဖူးပါတယ်။ အခုဖြစ်တဲ့အမှုနဲ့ ပတ်သက်ပြီး တပ်ကြပ် အီလော် အဇာရီယာမှာ အပြစ်ရှိကြောင်း စစ်ခုံရုံးက အရင်လက ဆုံးဖြတ်ခဲ့တာပါ။ ဒီရာဇဝတ်မှုဟာ အမြင့်ဆုံး ထောင်ဒဏ် နှစ် ၂၀ ထိ ကျခံရနိုင်ပါတယ်။ ဖေဖော်ဝါရီ ၂၁ ရက်နေ့ သူ့ကို ရုံးထုတ်ချိန်မှာ ပေါ့ပ်အဆိုတော် အပါအဝင် သူ့ကိုထောက်ခံသူ အယောက် ၁၅၀ လောက် တရားရုံးရှေ့မှာ စုရုံးဆန္ဒပြခဲ့ပါတယ်။ အစိုးရရှေ့နေတွေက အဇာရီယာကို ထောင်ဒဏ် ၃ နှစ်ကနေ ၅ နှစ်ထိ ပြစ်ဒဏ်စီရင်ဖို့ တောင်းဆိုခဲ့တာပါ။ သူ့အပေါ်ချမှတ်တဲ့ ပြစ်ဒဏ်ကြောင့် ပါလက်စတိုင်း အကြမ်းဖက်မှု သိသိသာသာ ပေါက်ကွဲလာနိုင်တယ်လို့ အကဲခတ်တွေက မှန်းဆနေပါတယ်။ ပါလက်စတိုင်းတွေက အစ္စရေးဟာ လက်နက်ကိုင် တိုက်ခိုက်မှုတွေအပေါ် အင်အား အလွန်အကျွံသုံးတယ်လို့ အစောပိုင်းတည်းက စွပ်စွဲခဲ့ကြတာပါ။ အစ္စရေးစစ်တပ်ကလည်း စစ်သားဟာ အသက်ဘေးခြိမ်းခြောက်တဲ့ အခြေအနေမှာသာ ပစ်ခတ်နိုင်တယ်လို့ ပြောရင်း အဇာရီယာရဲ့ ပစ်ခတ်မှုဟာ စည်းမျဉ်းကို ချိုးဖောက်တယ်လို့ ပြောပါတယ်။ တရားရုံးကလည်း ရန်သူရဲ့အသက်ကိုတောင် ဒီလို အင်အားသုံးနိုင်ခွင့်မရှိဘူးလို့ စီရင် ဆုံးဖြတ်ပါတယ်။ ပါလက်စတိုင်း လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူက ပစ်ခတ်မှုကို ရုပ်သံ ရိုက်ကူးထားခဲ့တာပါ။ ရုပ်သံထဲမှာ ဓားကလည်း တိုက်ခိုက်သူနဲ့ လက်လှမ်းမမီသလို ဗုံးလည်း မတွေ့ရပါဘူး။ ဒီရုပ်သံကို သတင်းဌာနတွေဆီ ဖြန့်ချိခဲ့ပြီး နိုင်ငံတကာ အာရုံစိုက်မှုလည်း ရယူခဲ့ပါတယ်။
4 years Ago
Up