ပါရီမြို့

September 5, 2021

ပြင်သစ်မြို့တော် ပါရီတွင် လူထုထောင်ချီ ဆက်လက်ဆန္ဒပြ

ပြင်သစ်မြို့တော် ပါရီမှာ ထောင်ချီတဲ့ဆန္ဒပြသူတွေဟာ ပြင်သစ်အစိုးရရဲ့ ကျန်းမာရေးအဆင့် သတ်မှတ်ချက်ကို စက်တင်ဘာ ၄ ရက်က ဆန့်ကျင်တဲ့အနေနဲ့ စနေ၊ တနင်္ဂနွေအားလပ်ရက် ၈ ပတ်မြောက်အဖြစ် ဆက်လက် ဆန္ဒပြခဲ့ပါတယ်။

လက်ယာစွန်း နိုင်ငံရေးသမား ဖလိုရီယာ ဖီလီပို့ ဦးဆောင်တဲ့ ဆန္ဒပြသူတွေက သမ္မတ အီမန်နျူယယ် မက်ခွန်း ရာထူးက နုတ်ထွက်ဖို့ကိုလည်း တောင်းဆို ခဲ့ကြပါတယ်။

ကျန်းမာရေးအဆင့် သတ်မှတ်ချက်ဆိုတာဟာ ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်ဆေး ထိုးနှံပြီးကြောင်း သက်သေပြနေတဲ့ တရားဝင် စာရွက်စာတမ်း ဖြစ်ပြီး စကင်ဖတ်လို့ ရတဲ့ QR code ပါရှိပါတယ်။

ပြင်သစ်နိုင်ငံအတွင်း ဘားဆိုင်တွေ၊ စားသောက်ဆိုင်တွေ၊ ပြတိုက်တွေနဲ့ အားကစားရုံတွေဟာ ဒီကျန်းမာရေးအဆင့်သတ်မှတ်ချက် မပြနိုင်တဲ့ လူတွေကို ဝင်ခွင့် မပြုပါဘူး။ ပြင်သစ်နိုင်ငံမှာ လူများစုဟာ ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်ဆေးကို ထိုးပြီးကြပါပြီ။

ဆန္ဒပြသူတွေကတော့ ဒီကျန်းမာရေးအဆင့် သတ်မှတ်ချက်ဟာ ကာကွယ်ဆေး မထိုးရသေးတဲ့ လူတွေကို ခွဲခြားဖိနှိပ်နေတယ်၊ လူတွေရဲ့ လွတ်လပ်ခွင့်တွေကို ဖောက်ဖျက်နေတယ်လို့  ဝေဖန် ပြောဆိုပါတယ်။

2 months Ago

October 12, 2020

ပါရီမြို့ ဆင်ခြေဖုံးရှိ ရဲစခန်းကို လူ ၄၀ ခန့် ဝင်ရောက်တိုက်ခိုက်

ပြင်သစ်မြို့တော်ပါရီရဲ့ ဆင်ခြေဖုံးက ရဲစခန်းကို လူအယောက် ၄၀ လောက်က သံတုတ်တွေ၊ မီးပန်းတွေသုံးပြီး အောက်တိုဘာ ၁၀ ရက်ညက ဝင်စီးနင်းဖို့ ကြိုးစားခဲ့တယ်လို့ အရာရှိတွေက ပြောပါတယ်။ ပါရီမြို့လယ်ကောင်ရဲ့ အရှေ့တောင်ဘက် ၉ မိုင်အကွာက ရဲစခန်းကို ချိန်ရွယ်ပြီး မီးပန်းတွေနဲ့ ပစ်ခတ်နေပုံ ရုပ်သံကို ရဲတွေက အင်တာနက်ပေါ် တင်ခဲ့ကြပါတယ်။ တိုက်ခိုက်သူတွေဟာ ရဲစခန်းထဲကို ဝင်ဖို့ အင်အားသုံး ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။ ဘယ်သူမှ အဖမ်းမခံရပေမယ့် ရဲစခန်း ပြတင်းတွေ ကွဲကုန်ပြီး ကားတွေလည်း ပျက်စီးခဲ့ပါတယ်။ အောက်တိုဘာ ၁၁ ရက်အစောပိုင်းက ရိုက်ကူးထားတဲ့ ရုပ်သံထဲမှာလည်း ရဲစခန်းကို မီးပန်းတွေနဲ့ ထပ်ခါတလဲ ပစ်ခတ်နေတာကို တွေ့ရပါတယ်။ ဒါဟာ ၂ နှစ်အတွင်း ရဲစခန်းကို တတိယမြောက် တိုက်ခိုက်ခံရတာဖြစ်ပြီး တိုက်ခိုက်ရတဲ့ အကြောင်းရင်းကို မသိရသေးပါဘူး။ ရဲစခန်းဟာ မူးယစ်ကုန်ကူးနေတယ်လို့ သိကြတဲ့ အိမ်ရာစခန်းတခုနားမှာ ရှိပြီး တရားဥပဒေ စိုးမိုးရေးအတွက် ထိပ်တန်းဦးစားပေးခရိုင်အဖြစ် အာဏာပိုင်တွေက သတ်မှတ်ထားတဲ့ နေရာလည်း ဖြစ်ပါတယ်။  မေလလယ်ကစတဲ့ ကိုဗစ်-၁၉ ကပ်ဘေးထိန်းချုပ်ရေး အသွားအလာ ကန့်သတ်ချက် အဆုံးမှာ စီးပွားရေးကျဆင်းလို့ ရာဇဝတ်မှုတိုးလာတဲ့အတွက် သမ္မတ အီမန်နျူယယ်မက်ခွန်း အစိုးရက တပ်လှန့်မှု တိုးမြှင့်ထားခဲ့ရပါတယ်။
1 year Ago
Up