ပြင်သစ်နိုင်ငံ မြို့တော် ပါရီက အလုပ်သမားနေ့ ချီတက်ပွဲအတွင်း ဆန္ဒပြသူတွေနဲ့ ရဲတွေ ရုန်းရင်းဆန်ခတ်ဖြစ်လို့ ရဲတွေ ဒဏ်ရာရခဲ့ပါတယ်။
ပါရီမြို့တော် အလုပ်သမားနေ့ ချီတက်ပွဲမှာ ဆန္ဒပြသူတွေက ဓာတ်ဆီပုလင်းဗုံးတွေ မီးကျည်တွေနဲ့ ပစ်ခတ်ခဲ့လို့ ရဲအရာရှိတဦး မီးလောင်ဒဏ်ရာ အကြီးအကျယ်ရခဲ့ပြီး တခြားရဲ ၂ ဦးလည်း ဒဏ်ရာရပါတယ်။
ပါရီမြို့တော်က ဘတ်စ်တီယ်ကျောက်တိုင်ပတ်လည်မှာရှိတဲ့ လမ်းတွေထဲမှာ မျက်ရည်ယိုဓာတ်ငွေ့တွေ ဖုံးလွှမ်းနေပါတယ်။
ရဲတွေက သူတို့ရဲ့ အဓိကရုဏ်းနှိမ်နင်းရေး ပစ္စည်းတွေမှာ စွဲလောင်နေတဲ့ မီးတောက်တွေကို ငြှိမ်းဖို့ ကြိုးစားနေတာ မြင်ရပါတယ်။
ဒီနှစ် အလုပ်သမားနေ့ ချီတက်ပွဲဟာ ပြင်သစ်သမ္မတ ရွေးကောက်ပွဲ နောက်ဆုံးအချီ ကျင်းပမယ့်နေ့နဲ့ သီတင်းတပတ်နီးပါးသာ ကွာပါတယ်။
လက်ယာစွန်း အမျိုးသားတပ်ဦးပါတီက မာရင်း လွတ်ပန်နဲ့ အလယ်ဗဟိုဝါဒီ အီမန် နျူယယ် မာခရွန်တို့ကြား မဲဆန္ဒရှင်တွေက ရွေးချယ်ရမှာပါ။
သမဂ္ဂအဖွဲ့ဝင်တချို့နဲ့ လက်ဝဲ တက်ကြွလှုပ်ရှားသူတွေက အမျိုးသားတပ်ဦးပါတီကို ဆန့်ကျင်ရေး တနိုင်ငံလုံး သွေးစည်းညီညွတ်ကြဖို့ ဆော်သြ ကြိုးစားနေပါတယ်။
အမျိုးသားတပ်ဦးပါတီကို တည်ထောင်သူဟာ မာရင်းလွတ်ပန်ရဲ့ ဖခင်ဖြစ်သူ ယန်း မာရီ လွတ်ပန်ဖြစ်ပြီး သူဟာ ၂၀၀၂ ခုနှစ်က သမ္မတလောင်းကိုယ်စားလှယ်လည်း ဖြစ်ပါတယ်။
4 years Ago