ပါရီတိုက်ခိုက်မှု

A d v e r t i s e m e n t With Us

January 19, 2016

ပါရီတိုက်ခိုက်မှုနှင့် တိုက်ရိုက်ပတ်သက်သူတဦးကို မော်ရိုကိုနိုင်ငံတွင် ဖမ်းမိ

ပြီးခဲ့တဲ့နှစ်က ပါရီမြို့တော် တိုက်ခိုက်မှုတွေနဲ့ တိုက်ရိုက်ပတ်သက်သူ ဘယ်ဂျီယံ နိုင်ငံသားတဦးကို မော်ရိုကိုနိုင်ငံမှာ ဖမ်းဆီးရမိတယ်လို့ မော်ရိုကို အာဏာပိုင်တွေက ဇန်န၀ါရီ ၁၈ ရက်နေ့မှာ ပြောပါတယ်။ အဲဒီလူဟာ မော်ကိုရိုနိုင်ငံမှာ မွေးဖွားပြီး ဘယ်ဂျီယံနိုင်ငံသားတဦးဖြစ်ကာ ဇန်န၀ါရီ ၁၅ ရက်နေ့က ကစာဗလန်ကာ (Casablanca) မြို့နားမှာ ဖမ်းဆီးရမိတယ်လို့ ပြောပါတယ်။ ဆီးရီးယားနိုင်ငံ၊ အယ်နစရာတပ်ဦးမှာ အရင် ပါဝင်တိုက်ခိုက်ခဲ့ပြီး နောက်ပိုင်း အိုင်အက်စ် အကြမ်းဖက်အဖွဲ့ဝင် ဖြစ်ခဲ့တယ်လို့လည်း မော်ရိုကို အာဏာပိုင်တွေက ဆိုပါတယ်။ ဆီးရီးယားနိုင်ငံကနေတဆင့် တူရကီ၊ ဂျာမနီ၊ ဘယ်ဂျီယံနဲ့ နယ်သာလန်နိုင်ငံတွေကို သွားရောက်ခဲ့သူလို့လည်း ဆိုပါတယ်။ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာ ၁၃ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ ပါရီမြို့တော် တိုက်ခိုက်ခံရမှုအတွင်း လူ ၁၃၀ ကျော် သေဆုံးခဲ့ပြီး ရာနဲ့ချီ ဒဏ်ရာရခဲ့ကြတာပါ။ အဲဒီတိုက်ခိုက်မှုတွေကို ဘယ်ဂျီယံနိုင်ငံ၊ ဘရပ်ဆယ်လ်မြို့တော်မှာ တစိတ်တပိုင်း စီစဉ်ခဲ့တယ်လို့ ပြင်သစ်အာဏာပိုင်တွေက ယုံကြည်ထားပြီး ဘယ်ဂျီယံနိုင်ငံမှာလည်း တိုက်ခိုက်မှုနဲ့ ပတ်သက်လို့ ဖမ်းဆီးစစ်ဆေးမှုတွေ လုပ်ခဲ့ပါတယ်။
5 years Ago

December 25, 2015

ပါရီတွင် ခရစ္စမတ်အကြိုည ပွဲလမ်းများ လုံခြုံရေးတင်းကျပ်ပြီး ကျင်းပ

ပြင်သစ်နိုင်ငံ မြို့တော်ပါရီမှာ ခရစ္စမတ်အကြိုည ပွဲလမ်းတွေကို တင်းကျပ်တဲ့ လုံခြုံရေးအောက်မှာ ကျင်းပမှာပါ။ ရဲနဲ့ ဒေသခံ အာဏာပိုင်တွေဆီကို အရင်သီတင်းပတ်က ပေးပို့ခဲ့တဲ့ ရဲသတိပေးစာထဲမှာ ပြည်ထဲရေးဝန်ကြီးက မြို့နယ် လုံခြုံရေးအကြီးအကဲတွေကို လုံခြုံရေးအဆင့် တိုးမြှင့်ထားဖို့ ဆော်သြခဲ့ပါတယ်။ ဒါပေမယ့် ဝန်ကြီးဌာန အရာရှိတွေက ခရစ်ယာန် ဘုရားကျောင်းတွေကို တိကျတဲ့ ခြိမ်းခြောက်မှု မရှိသေးဘူးလို့ ပြောပါတယ်။ လုံခြုံရေးတိုးမြှင့်မှုကို ကက်သလစ် ခရစ်ယာန်ဘုရားကျောင်းပေါင်း ၄ သောင်းခွဲသာမက ပရိုတက်စတင့်နဲ့ အော်သိုဒေါ့က်စ် ဘုရားကျောင်းတွေမှာပါ တာဝန်ချခဲ့တာပါ။ "ပါရီဘုရားကျောင်းရဲ့ သင်းအုပ်ဆရာကတော့ ပြင်သစ်နိုင်ငံသားတွေဟာ တနင်္ဂနွေနေ့တိုင်း ဒီကိုလာရင်း ဘေးအလားအလာတွေ ရှိတယ်၊ ကျနော်တို့အားလုံးဟာ ပစ်မှတ် အလားအလာတွေ ဖြစ်တယ်ဆိုတာ သတိထားမိခဲ့ကြပြီးပြီ" လို့ ပြောပါတယ်။ ပါရီမြို့သား နောက်တဦးကလည်း ပြင်သစ်နိုင်ငံသားတွေဟာ နိုဝင်ဘာ တိုက်ခိုက်မှုအပြီး အနာကျက်ဖို့ အချိန်လိုတယ်လို့ ပြောပါတယ်။ ပါရီမြို့ပြင်က ခရစ်ယာန်ဘုရားကျောင်း တိုက်ခိုက်ခံရအပြီး ဒီနှစ်ဧပြီလက ရဲတွေဟာ အလားတူ ဘေးကင်းရေး ညွှန်ကြားချက်တွေကို ဆောင်ရွက်ဖူးပါတယ်။ အဲဒီတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး စီစဉ်သူလို့ သံသယရှိတဲ့ အမျိုးသား ၂ ဦးကို ဖမ်းဆီးခဲ့ပြီးပါပြီ။
5 years Ago

ပါရီတိုက်ခိုက်မှုနှင့် ပတ်သက်ပြီး ဘယ်လ်ဂျီယံတွင် အမျိုးသားတဦးကို ထပ်မံဖမ်းဆီး

ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့က ရဲတွေဟာ နိုဝင်ဘာ ၁၃ ရက်နေ့က ပါရီတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး အမျိုသားတဦးကို ထပ်ဖမ်းခဲ့တယ်လို့ ဘယ်လ်ဂျီယံအစိုးရ ရှေ့နေတွေက ဒီဇင်ဘာ ၂၄ ရက်နေ့မှာ ပြောပါတယ်။ ဒါကြောင့် လူအယောက် ၁၃၀ သေဆုံးခဲ့ရတဲ့ ပါရီတိုက်ခိုက်မှုတွေနဲ့ ပတ်သက်ပြီး ဘယ်လ်ဂျီယံနိုင်ငံထဲမှာ အဖမ်းခံရသူ ၉ ဦး ရှိသွားပါပြီ။ ဘရပ်ဆဲလ်မြို့တော်မြောက်ပိုင်း ဗဟိုစီးပွားရေးခရိုင်ထဲက ရိပ်သာလမ်းတခုထဲမှာ ဖမ်းခဲ့တာပါ။ အသက် ၃၀ အရွယ် ဘယ်လ်ဂျီယံနိုင်ငံသား အဘ်ဒူလာစီကို ဒီဇင်ဘာ ၂၂ ရက်နေ့က ဖမ်းခဲ့တာပါ။ ဖြစ်နိုင်ချေ ပြဿနာတွေကို တပ်လှန့်တာမျိုးကနေ ရှောင်ဖို့ အစိုးရရှေ့နေတွေက သူ့ကို ဖမ်းထားကြောင်း မကြေညာခဲ့ဘူးလို့ ပြောခွင့်ရသူတဦးက ပြောပါတယ်။ စုံစမ်းစစ်ဆေးရေးရုံးက ဒီလူကို အကြမ်းဖက်သတ်ဖြတ်မှု သံသယ၊ အကြမ်းဖက် အဖွဲ့အစည်းမှာ ပါဝင်မှုတွေနဲ့ ပတ်သက်ပြီး သံသယရှိလို့ ဖမ်းဖို့ အမိန့်ထုတ်ခဲ့တယ်လို့ ကြေညာချက်ထဲမှာ အစိုးရရှေ့နေတွေက ပြောပါတယ်။ ဒီဇင်ဘာ ၂၁ ရက်နေ့က ရဲတွေဟာ ဘရပ်ဆဲလ်မြို့ထဲက ရှာဖွေမှု အတော်များများအတွင်း လူ ၅ ဦးကို ထိန်းသိမ်းခဲ့ပါတယ်။ ဒါပေမယ့် စစ်မေးပြီး မကြာခင် အားလုံးကို ပြန်လွှတ်ခဲ့ပါတယ်။
5 years Ago
More News
Up