ပါဘလိုမာရီ

January 28, 2020

ပါဘလိုမာရီကို ခေါ်ယူရန် အာဆင်နယ်အသင်း ဆွေးနွေးမှု ပျက်ပြား

အာဆင်နယ်အသင်းနဲ့ သတင်းတွေ ထွက်ပေါ်နေတဲ့ နောက်ခံလူ ပါဘလိုမာရီဟာ ဘရာဇီးကို ပြန်သွားခဲ့တာကြောင့် အာဆင်နယ်အသင်းရဲ့ စပိန်နောက်ခံလူကို ခေါ်ယူဖို့ ဆွေးနွေးမှုတွေကို ပျက်ပြားသွားခဲ့တယ်လို့ ယူဆရကြောင်း Metro သတင်းမှာ ဖော်ပြပါတယ်။  မာရီဟာ လန်ဒန်ကလပ်အသင်းနဲ့ ဆေးစစ်မှုတွေ ခံယူခဲ့ပြီးဖြစ်တယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့တာဖြစ်ပါတယ်။ အာဆင်နယ်နည်းပြ အာတီတာဟာ ချိန်ဘာရဲ့ ကာလရှည်ဒဏ်ရာကြောင့် ဗဟိုနောက်ခံလူတဦးကို ရှာဖွေနေခဲ့တာဖြစ်ပြီး မာရီဟာ အသင်းရဲ့ ဇန်နဝါရီပစ်မှတ်တခုအဖြစ် ရှိနေခဲ့ပါတယ်။ အာဆင်နယ်အသင်းရဲ့ နည်းစနစ်ဒါရိုက်တာ အီဒူဟာ မာရီအတွက် ပြီးခဲ့တဲ့သီတင်းပတ်မှာ ဖလာမင်ဂိုအသင်းနဲ့ သဘောတူညီချက်ရရှိခဲ့ပြီးတော့ အသက် ၂၆ နှစ်အရွယ် ကစားသမားကိုလည်း လန်ဒန်မြို့ရဲ့ ဟီးသရိုးလေဆိပ်ကို ရောက်ရှိလာတာ မြင်တွေ့ခဲ့ရပါတယ်။ အာဆင်နယ်ဟာ မာရီကို ကနဦး အငှားနဲ့ခေါ်ယူပြီး ရာသီကုန်ချိန်မှာ ပေါင် ၇ ဒသမ ၅ သန်းနဲ့ အပြီးသတ် ခေါ်ယူမယ်လို့ ယူဆခဲ့ရပေမယ့် အခုချိန်မှာတော့ ဒီအပြောင်းအရွှေ့ဟာ မသေချာတော့တဲ့ အနေအထားကို ရောက်ရှိသွားပုံပါ။ မာရီအတွက် ဆွေးနွေးမှုတွေဟာ ပျက်ပြားသွားခဲ့ပြီး သူ့အပြောင်းအရွှေ့ဟာ ဖြစ်မလာနိုင်တော့တဲ့ အနေအထားလို့ Daily Mail သတင်းမှာ ဖော်ပြပါတယ်။ ဒီအခြေအနေကို စိတ်ပျက်နေတဲ့ မာရီဟာ သူ့အိမ်ရှိရာ ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေးရိုးကို ပြန်သွားခဲ့ပြီလို့ သတင်းမှာ ဖော်ပြပါတယ်။ အပြောင်းအရွှေ့ ပြီးဆုံးဖို့ ၅ ရက်အကြာမှာ ဒီလိုဖြစ်ရပ်တွေ ပေါ်ပါက်လာတာဟာ နောက်ခံလူအင်အား ဖြည့်တင်းလိုနေတဲ့ အာဆင်နယ်ပရိသတ်တွေအတွက် သတင်းဆိုးတခုပါပဲ။ လက်ရှိအခြေအနေတွေအရ အာဆင်နယ်ဘက်က စပိန်နောက်ခံလူကို ခေါ်ယူဖို့ အစီအစဉ်ကို စွန့်လွှတ်မယ့်ပုံ မရသေးသလို ‌ဆွေးနွေးမှုတွေကိုလည်း ပြန်လည်စတင်သွားဖို့ ရှိနေပါတယ်။ မာရီဟာ လန်ဒန်မြို့ကို ရောက်ရှိလာချိန်မှာ အာဆင်နယ်ကို ပြောင်းရွှေ့နိုင်တော့မယ်လို့ ယုံကြည်ချက်အပြည့် ရှိခဲ့ပုံရပြီးတော့ သတင်းထောက်တွေရဲ့ မေးမြန်းမှုကိုလည်း “ဟုတ်ကဲ့၊ ကျနော် အသင်းပြောင်းတော့ပါမယ်” လို့ပြန်လည်ဖြေကြားခဲ့သူ ဖြစ်ပါတယ်။ ဒါ့အပြင် သူဟာ အာဆင်နယ်အသင်းရဲ့ လန်ဒန်လေ့ကျင့်ရေးကွင်းမှာ ဆေးစစ်မှု မခံယူခင် ဖလာမင်ဂို အသင်းဖော်တွေနဲ့ နည်းပြအဖွဲ့ဝင်တွေကို နှုတ်ဆက်စကား ပြောကြားခဲ့ပြီးပြီလို့လည်း ယူဆရပါတယ်။ မာရီဟာ ၂၀၁၆ ခုနှစ်ကနေ ၂၀၁၉ ခုနှစ်အထိ မန်စီးတီးအသင်းမှာ ကစားခဲ့သူ ဖြစ်ပေမယ့် အသင်းကြီးအတွက် ပွဲထွက်ခွင့်မရခဲ့ဘဲ ဂျီနိုအာ၊ အန်အေစီနဲ့ ဒီပို့တီပို့အသင်းတွေကို အငှားထွက် ကစားခဲ့ရပါတယ်။ သူဟာ ပြီးခဲ့တဲ့လ လီဗာပူးအသင်းနဲ့ ယှဉ်ပြိုင်ခဲ့တဲ့ ကမ္ဘာ့ကလပ်များဖလား ပြိုင်ပွဲမှာလည်း ဖလာမင်ဂိုအသင်းကို ကိုယ်စားပြု ကစားခဲ့သူ ဖြစ်ပါတယ်။
1 year Ago
Up