ပါနုပွန်ဂျာ့ဒ်နော့ခ်ကို ဖမ်းဆီ

October 18, 2020

ဘန်ကောက်တွင် ပြည်သူသောင်းချီဆန္ဒပြ၊ ငြိမ်းငြိမ်းချမ်းချမ်းဖြင့် ပြီးဆုံး

ထိုင်းနိုင်ငံ မြို့တော်ဘန်ကောက်မှာ လတ်တလောရက်တွေအတွင်း အကြီးဆုံး ချီတက်ပွဲ တွေကို မြို့လယ်ခေါင်က လဒ်ဖရောင်းလမ်းဆုံ ဝေ့ဘာဝတီရန်စစ်လမ်းမပေါ်မှာ အောက်တိုဘာ ၁၇ ရက်က ဆင်နွှဲခဲ့ပါတယ်။  ထွန်ဘူရီမြို့နယ်က ဝမ်းဝန်းယိုင်နဲ့ ဘန်းနမြို့နယ်က ဥဒုံဆခ် မိုးပျံရထား ဘူတာရုံတွေမှာ လည်း အသေးစားဆန္ဒပြပွဲတွေအတွင်း လူတွေ စုရုံးခဲ့ကြပါတယ်။  နွန်ထဘူရီမြို့ ကေးရိုင်လမ်းဆုံ နဲ့ ရမ်ခမ်ဟန်ဂ်တက္ကသိုလ် ပရဝုဏ်တို့မှာလည်း ချီတက်ခဲ့ ကြပါတယ်။  အောက်တိုဘာ ၁၇ ရက် ချီတက်ပွဲတွေကတော့ အများအားဖြင့် ငြိမ်းငြိမ်းချမ်းချမ်း နဲ့ပဲ ည ၈ နာရီ ဝန်းကျင်လောက်မှာ ပြီးဆုံးခဲ့တာပါ။  ဆန္ဒပြသူအများစုက လူငယ်တွေဖြစ်ပြီး ဝန်ကြီးချုပ် ရာထူးက နုတ်ထွက်ရေး ဘုရင်စနစ် ပြုပြင်ပြောင်းလဲရေးနဲ့ အခြေခံဥပဒေသစ် ရေးဆွဲရေး တောင်းဆိုခဲ့ကြပါတယ်။  အောက်တိုဘာ ၁၇ ရက် ချီတက်ပွဲကို သမ်မားဆတ်တက္ကသိုလ်နဲ့ Demonstration acting အဖွဲ့တို့က တရားမဝင်ညှိနှိုင်းဆောင်ရွက်သူတွေအဖြစ် လူမှုကွန်ရက်မီဒီယာတွေပေါ်ကနေ စီစဉ် ခဲ့ကြပါတယ်။ အောက်တိုဘာ ၁၆ ရက်ညက အင်အားသုံး နှိမ်နင်းပေမယ့် ဆန္ဒပြသူတွေဟာ လူမှုကွန်ရက်တွေကို သုံးပြီး ဆန္ဒပြတဲ့နေရာတွေကို ပြောင်းရွှေ့ စုရုံးခဲ့ကြပါတယ်။  အဲဒီနေ့က ဆန္ဒပြသူတွေဟာ ဒီမိုကရေစီ ကျောက်တိုင်နားမှာ စုရုံးခဲ့ကြတာမို့ ရဲတွေက အဲဒီနေရာမှာ နေရာယူထားပေမဲ့ အောက်တိုဘာ ၁၇ ရက်မှာတော့ ဆန္ဒပြသူတွေက အောင်နိုင်ရေး ကျောက်တိုင်နားကို အချိန်ကပ်မှ ပြောင်းရွှေ့ နေရာယူခဲ့ကြတာပါ။  အောက်တိုဘာ ၁၇ ရက်ည ၈ နာရီခွဲလောက်မှာတော့ ရမ်ခမ်ဟန်တက္ကသိုလ်နားက အရပ်ဝတ် ရဲတွေက အဓိကဆန္ဒပြခေါင်းဆောင် မိုက်ခ်ရယွန် ခေါ် ပါနုပွန်ဂျာ့ဒ်နော့ခ်ကို ဖမ်းဆီးခဲ့ကြပါတယ်။  သူဟာ ထင်ရှားတဲ့ လှုပ်ရှားမှုခေါင်းဆောင် ၄ ယောက်ထဲက တယောက်ဖြစ်ပြီး ကျန် ၃ ယောက်က အစောပိုင်းတည်းက အဖမ်းခံထားရ ပြီးပါပြီ။  ခေါင်းဆောင် ၃ ယောက်ကတော့ လူ့အခွင့်အရေးရှေ့နေတွေဖြစ်ပြီး သူတို့အမှုကို ရမန်ထုတ် စုံစမ်းစစ်ဆေးနေပါပြီ။  “ဘန်ကောက်အရှေ့ဘက်  ချုံဘူရီမြို့ထဲက စစ်တန်းလျားတခုကို ဆန္ဒပြသူတွေအတွက် အချုပ်ထောင်အဖြစ် သုံးမယ်။ ပထုံဌာနီခရိုင်ထဲက နယ်စပ်ကင်းလှည့်ရေး ရဲတပ်ဖွဲ့ဒေသ ၁ ရဲ့ တန်းလျားတွေကိုလည်း အချုပ်ခန်းအဖြစ် သုံးမယ်” လို့ အမျိုးသားရဲချုပ် ဗိုလ်ချုပ်ကြီး ဆူဝပ် ဂျာအန်ယော့ဒ်ဆုခ်ရဲ့ ကြေညာချက်ကို တော်ဝင်ဂေဇက်က အစောပိုင်းကပဲ ထုတ်ပြန်ခဲ့ပါတယ်။  စစ်အာဏာသိမ်း ခေါင်းဆောင်ဟောင်း ဝန်ကြီးချုပ် ပရာယွတ်သ် ချန်အိုချာ အစိုးရကို ဆန့်ကျင် ဆန္ဒပြနေတဲ့ အချိန် ၃လကျော်အတွင်း အောက်တိုဘာ ၁၆ ရက်ဆန္ဒပြပွဲဟာ အကြမ်း အဖက်ဆုံး ဖြစ်လာခဲ့တာပါ။ အောက်တိုဘာ ၁၇ရက်မှာပဲ ထိုင်းရဲတပ်ဖွဲ့က ဘန်ကောက်မြို့တော်မှာ အောက်တိုဘာ ၁၆ ရက်ညက ဆန္ဒပြသူတွေကို လူစုခွဲ တဲ့နည်းလမ်းဟာ တရားမျှတပြီး နိုင်ငံတကာ စံချိန်စံညွှန်းနဲ့ညီတယ်လို့ ခုခံပြောဆိုလိုက်ပါတယ်။ ရဲတွေက ထောင်ချီတဲ့ ဆန္ဒပြသူတွေကို စပ်ဖျင်းနာကျင်စေတဲ့ အရည်တွေပါတဲ့ မီးသတ်ပိုက်တွေ ရေအမြောက်တွေနဲ့ ဖြန်းပက်လူစုခွဲခဲ့ပါတယ်။  လူ ၅ ယောက်ထက် ပိုမစုဖို့ ပိတ်ပင်ထားတဲ့ အစိုးရရဲ့ အရေးပေါ်အမိန့်ကို အာခံပြီး ဆန္ဒပြသူတွေက ထီးတွေကို သုံးရင်း အဓိကရုဏ်းနှိမ်နင်းရေး ဝတ်စုံပြည့်နဲ့ လုံခြုံရေး တပ်ဖွဲ့ ဝင်တွေကို ကြံ့ကြံ့ခံခဲ့ကြပါတယ်။
2 years Ago
Up