ပါတေး

October 14, 2020

ကစားသမားသစ် ပါတေးကို အာဆင်နယ်အသင်း စတင်မိတ်ဆက်

အာဆင်နယ်အသင်းဟာ ကွင်းလယ်ကစားသမားသစ် သောမက်စ်ပါတေးကို အသင်းဂျာစီနဲ့အတူ ပထမဆုံးအကြိမ် မိတ်ဆက်ခဲ့ပါတယ်။  အသက် ၂၇ နှစ်ရှိ ဂါနာကွင်းလယ်လူ ပါတေးဟာ နိုင်ငံအသင်းနဲ့အတူ ပူးပေါင်းနေရတာကြောင့် အောက်တိုဘာ ၁၃ ရက်ကမှ အသင်းသစ်နဲ့ ပူးပေါင်းနိုင်ခဲ့တာပါ။  ကျောနံပါတ် ၁၈ ဝတ်ဆင်ကစားမယ့် ပါတေးဟာ အသင်းနဲ့ အင်တာဗျူးမှာတော့ အောင်မြင်မှုတွေ ရရှိအောင် ကူညီပေးချင်ပြီး အသင်းပိုင်ဆိုင်ခဲ့ဖူးတဲ့ နေရာကို ပြန်လည်ရောက်ရှိအောင် ကြိုးပမ်းသွားမယ်လို့ ပြောပါတယ်။ နည်းပြ အာတီတာကလည်း ကစားသမားသစ် ပါတေးကို ခေါ်ယူနိုင်ခဲ့လို့ ကျေနပ်မိပြီး စွမ်းဆောင်ရည်မြင့်မားတဲ့ ကစားသမားဖြစ်သလို လာလီဂါနဲ့ ချန်ပီယံလိဂ်လိုပြိုင်ပွဲတွေလို အမြင့်မားဆုံးပြိုင်ပွဲတွေမှာ ကစားခဲ့ဖူးတဲ့ အတွေ့အကြုံရှိ ကစားသမားဖြစ်တယ်လို့ ချီးကျူးခဲ့ပါတယ်။  သောမက်စ်ပါတေးဟာ ၂၀၁၂ ခုနှစ်ကတည်းက အက်သလက်တီကိုအသင်းကို ရောက်ရှိခဲ့ပြီး စုစုပေါင်း ၁၈၈ ပွဲ ကစားခဲ့ပါတယ်။ အက်သလက်တီကိုနဲ့အတူ ယူရိုပါလိဂ်၊ ဥရောပစူပါဖလားနဲ့ ၂၀၁၆ ခုနှစ်က ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဒုတိယ ရယူနိုင်ခဲ့ပါတယ်။
1 year Ago

October 6, 2020

အက်သလက်တီကို ကွင်းလယ်လူ ပါတေးကို ပေါင် ၄၅ သန်းဖြင့် အာဆင်နယ် ခေါ်ယူ

အာဆင်နယ်အသင်းဟာ သူတို့ရဲ့ ကာလရှည်ပစ်မှတ်တစ်ခုဖြစ်တဲ့ အက်သလက်တီကို ကွင်းလယ်လူ သောမတ်စ်ပါတေးကို အပြီးသတ်ခေါ်ယူနိုင်ခဲ့ပြီလို့ ထုတ်ပြန်ကြေညာပါတယ်။ အက်သလက်တီကိုက ပါတေးကို ခေါ်ယူပြီး ကွင်းလယ်လူ လူးကပ်စ်တော်ရဲရားကတော့ အက်သလက်တီကိုအသင်းကို တစ်နှစ်အငှားနဲ့ ပြောင်းရွှေ့သွားခဲ့ပြီ ဖြစ်ပါတယ်။ အာဆင်နယ်ဟာ ဂါနာကွင်းလယ်လူ ပါတေးကို ပေါင် ၄၅ သန်းနဲ့ ၄ နှစ်စာချုပ် ချုပ်ခဲ့တာဖြစ်ပြီး တစ်နှစ် သက်တမ်းတိုးခွင့် ပါဝင်ပါတယ်။  အာဆင်နယ်ဟာ ပါတေးကို အပြောင်းအရွှေ့ဈေးကွက် စတင်ချိန်ကတည်းက ချိတ်ဆက်ခဲ့တာ ဖြစ်ပေမယ့် အက်သလက်တီကိုအသင်းနဲ့ ဆွေးနွေးမှုတွေပါ အခက်အခဲတွေ ရှိခဲ့ပါတယ်။ ဒါကြောင့် အပြောင်းအရွှေ့ကာလ မပိတ်ခင်မှသာ ခေါ်ယူနိုင်ခဲ့တာ ဖြစ်ပါတယ်။  ပါတေးရဲ့ စာချုပ်ဖျက်သိမ်းကြေးကို ပေးချေခဲ့ခြင်းကြောင့်သာ ခေါ်ယူနိုင်ခဲ့တာဖြစ်ပြီး အသက် ၂၇ နှစ်အရွယ် ကစားသမားဟာ အသင်းမှာ နံပါတ် ၁၈ ကို ဝတ်ဆင်ကစားမှာ ဖြစ်ပါတယ်။ ဒီခေါ်ယူမှုနဲ့ပတ်သက်ပြီး အသင်းရဲ့ အားကစားဒါရိုက်တာ အီဒူးက “ပါတေးဟာ အာဆင်နယ်အသင်းနဲ့အတူ ထိပ်တန်းကစားသမား ဖြစ်လာနိုင်သူ ဖြစ်ပါတယ်။ သူဟာ ကွင်းတွင်း၊ ကွင်းပြင်နှစ်ခုစလုံးမှာ ဦးဆောင်နိုင်သူဖြစ်ပြီး အာဆင်နယ်အသင်းအတွက် လိုအပ်နေသူ ဖြစ်ပါတယ်” လို့ ပြောပါတယ်။ အာတီတာကလည်း “ကျနော်တို့ သောမတ်စ်ကို အချိန်အတိုင်းအတာတစ်ခုအထိ စောင့်ကြည့်ခဲ့ပါတယ်။ ဒါကြောင့် အခုချိန်မှာ သူ့လို အရည်အသွေးမြင့်ကစားသမားကို ခေါ်ယူနိုင်ခဲ့ခြင်းအတွက် ဝမ်းမြောက်မိပါတယ်။ သူဟာ လာလီဂါနဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲတွေမှာ မြင့်မားတဲ့အဆင့်မှာ ရှိခဲ့တဲ့ ထိပ်တန်းအသင်းတစ်ခုကနေ ပြောင်းရွှေ့လာတဲ့ အတွေ့အကြုံရင့် ကစားသမားတစ်ဦး ဖြစ်ပါတယ်” လို့လည်း ပြောပါတယ်။ အသင်းကို ကွင်းလယ်လူသစ်တစ်ဦး ခေါ်ယူနိုင်ခဲ့ပေမယ့် အသင်းမှာရှိတဲ့ ကွင်းလယ်လူ တော်ရဲရာကတော့ အက်သလက်တီကိုအသင်းကို တရာသီ အငှားနဲ့ ပြောင်းရွှေ့သွားခဲ့ပြီ ဖြစ်ပါတယ်။  တော်ရဲရားဟာ အာဆင်နယ်အသင်းကို ၂၀၁၈ ခုနှစ်မှာ ဖီအိုရင်တီးနားအသင်းကနေ ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး အသင်းအတွက် ၈၉ ပွဲ ကစားပေးခဲ့ပါတယ်။ အာဆင်နယ်အသင်းဟာ ပြီးခဲ့တဲ့ပွဲမှာ ရှက်ဖီးလ်အသင်းကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီး နိုင်ငံတကာပွဲစဉ်တွေ မစတင်ခင်မှာ ပရီးမီးယားရဲ့အဆင့် ၄ နေရာမှာ ရှိနေခဲ့ပါတယ်။ နောက်ထပ်ပွဲစဉ်အဖြစ် အာဆင်နယ်အသင်းဟာ လာမယ့် အောက်တိုဘာ ၁၇ ရက်မှာ မန်စီးတီးအသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
1 year Ago
Up