ပါတီရုံးခန်း

January 12, 2019

ပါတီရုံးခန်းများ ပြည်သူနစ်နာမှု ဆွေးနွေးအကူညီတောင်းနိုင်သည့် နေရာဖြစ်ရမည်ဟု ပြည်သူ့ပါတီပြော

ပါတီရုံးတွေက ဒေသခံပြည်သူတွေရဲ့ နစ်နာမှု အခက်အခဲတွေ တိုင်ပင်ရင်ဖွင့်ဆွေးနွေး အကူအညီတောင်းနိုင်တဲ့ နေရာဖြစ်စေရမယ်လို့ ပြည်သူ့ပါတီဥက္ကဋ္ဌက ပြောကြားလိုက်ပါတယ်။ စစ်ကိုင်းတိုင်ဒေသကြီး ပြည်သူ့ပါတီရုံးဖွင့်ပွဲကို ဇန်နဝါရီ ၁၂ ရက်နေ့က မုံရွာမြို့မှာ ကျင်းပခဲ့ပြီး အခုလို ပြောကြားခဲ့တာပါ။ ဒီအခမ်းအနားကို ပြည်သူ့ပါတီ ဗဟိုမှ အလုပ်အမှုဆောင်တွေ၊ တိုင်းဒေသကြီး ပါတီဝင်တွေ၊ အခြားသော အရပ်ဘက်အဖွဲ့အစည်းတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေ၊ နိုင်ငံရေးပါတီတွေ၊ ဖိတ်ကြားထားသူတွေ တက်ရောက်ခဲ့ကြပါတယ်။ ဒါ့အပြင် ပြည်သူ့ပါတီရဲ့ စစ်ကိုင်းတိုင်းဒေသကြီး တိုင်းရုံးဖွင့်ပွဲကို ပန်းရဲ့လမ်းမှ တေးရေးတေးဆို ဦးနေဝင်းနဲ့ အဆိုတော်တွေလည်း လာရောက်ဖျော်ဖြေခဲ့ကြပါသေးတယ်။ ရုံးဖွင့်ပွဲမှာ ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးက “ဟောဒီရုံးခန်းတွေဟာ ဒေသခံပြည်သူတွေအတွက် သူတို့ရဲ့ နစ်နာမှုတွေ၊ သူတို့ရဲ့ အခက်အခဲတွေကို လာပြီးတော့ တိုင်ပင်နိုင်တဲ့၊ ဆွေးနွေးနိုင်တဲ့၊ အကူအညီတောင်းနိုင်တဲ့ ဆုံရပ်တွေ ဖြစ်လာအောင် ဆောင်ရွက်မယ်ဆိုတဲ့ သန္နိဋ္ဌာန်ရှိပါတယ်။ ရုံးခန်းဖွင့်ပွဲဟာ ဖွင့်ပြီး ပြီးသွားမှာ မဟုတ်ပါဘူး။ ဖွင့်တာဟာ အလုပ်လုပ်ဖို့အတွက် ပထမဆုံး ခြေလှမ်းဖြစ်ပါတယ်” လို့ ပြောပါတယ်။ ဒါ့အပြင် ပါတီ ဒုဥက္ကဋ္ဌ၊ အတွင်းရေးမှူးတွေကလည်း ပါတီရဲ့ မူဝါဒ၊ စည်းမျဉ်းစည်းကမ်း၊ သမိုင်းကြောင်းတွေကို ရှင်းလင်းပြောကြားခဲ့ကြပါတယ်။ ပြည်သူ့ပါတီကို ကန့်ကွက်မှုတွေကြားကနေ ၂ နှစ်ကျော်အကြာမှာ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကနေ ၂ဝ၁၈ ခုနှစ်၊ သြဂုတ်လ ၂၃ ရက်နေ့က နိုင်ငံရေးပါတီအဖြစ် တရားဝင် မှတ်ပုံတင်ခွင့် ပြုလိုက်တာဖြစ်ပါတယ်။ ပြည်သူ့ပါတီအနေနဲ့ တိုင်းနှင့် ပြည်နယ်ရုံးတွေကို စစ်ကိုင်းတိုင်းအပြင် မန္တလေး၊ ရန်ကုန်၊ ဧရာဝတီတွေမှာလည်း ဆက်တိုက်ဖွင့်လှစ်သွားမယ်လို့ သိရပါတယ်။ နိုင်ငံရေးဆိုတာ ရန်သူကို မိတ်ဆွေဖြစ်အောင်လုပ်တာဖြစ်လို့ ရှိပြီးသား မိတ်ဆွေတွေကို ရန်သူမဖြစ်အောင် အထူးဂရုစိုက်ဆောင်ရွက်ကြဖို့ကိုလည်း ဖွင့်ပွဲတက်ရောက်လာတဲ့ ဝါရင့်နိုင်ငံရေးသမား ဦးစိန်ဝင်းက ပြောဆိုခဲ့ပါတယ်။
2 years Ago
Up