ပါတီ

November 2, 2020

လူမှုကွန်ရက်က မဲဆွယ်ရာတွင် ထိရောက်မှုမရှိဟု ပါတီအချို့ ပြော

ပါတီ ကိုယ်စားလှယ်လောင်းတွေ လူမှုကွန်ရက်ကနေ မဲဆွယ်စည်းရုံးရေး လုပ်ဆောင်ရာမှာ ထိရောက်မှုမရှိဘူးလို့ နိုင်ငံရေးပါတီတချို့က ပြောပါတယ်။  နိုဝင်ဘာ ၈ ရက်နေ့မှာ ကျင်းပမယ့် ရွေးကောက်ပွဲအတွက် နိုင်ငံရေးပါတီတွေ မဲဆွယ်စည်းရုံးရေး အပြိုင်အဆိုင် မဲဆွယ်နေကြတာပါ။ ဒါပေမဲ့ ပြီးခဲ့တဲ့ရွေးကောက်ပွဲနဲ့မတူတာဟာ မြန်မာနိုင်ငံမှာ တကျော့ပြန် ကိုဗစ်-၁၉ ကူးစက်မြင့်တက်မှုတွေနဲ့ တိုက်ဆိုင်နေတာကြောင့် နိုင်ငံရေးပါတီတွေအနေနဲ့ လူမှုကွန်ရက်ပေါ်ကနေတဆင့် မဲဆွယ်စည်းရုံးမှုတွေ ပြုလုပ်လာကြတာဖြစ်ပါတယ်။ မဲဆွယ် စည်းရုံးတာတွေ  အားနည်းပေမယ့်လည်း ပြည်သူလူထုရဲ့တက်ကြွလှုပ်ရှားမှုက အဓိကဖြစ်တဲ့အတွက် ရွေးကောက်ပွဲကိုတော့ တစုံတရာထိခိုက်မှု မရှိဘူးလို့ NLD ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က ပြောပါတယ်။ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မယ့်နိုင်ငံရေးပါတီတွေနဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေဟာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့ ကိုဗစ်-၁၉ ရောဂါပြန့်ပွားမှုမဖြစ်စေဖို့ ညွှန်ကြားချက်၊ ကျင့်ဝတ်၊ လမ်းညွှန်တွေကို အလေးထားလိုက်နာဆောင်ရွက်ဖို့ UEC က ထုတ်ပြန်ထားပါတယ်။  ကမ္ဘာ့ကပ်ရောဂါကြောင့် လူမှုကွန်ရက် အသုံးပြပြီး မဲဆွယ်စည်းရုံးမှုတွေ လုပ်ဆောင်ရတာဟာ မြေပြင်ဆင်းပြီး မဲဆွယ်စည်းရုံးရတာထက် အများကြီးကွာတယ်လို့ ပြည်သူ့ပါတီဥက္ကဋ္ဌ  ဦးကိုကိုကြီးက ပြောပါတယ်။ ကိုဗစ်ရောဂါကာကွယ်ရေးအတွက် သတ်မှတ်ချက်စည်းကမ်းချက်တွေဟာ နိုင်ငံရေးပါတီစည်းရုံးရေးတွေကို အဟန့်အတားဖြစ်နေတယ်လို့ နိုင်ငံရေးပါတီအများစုက ပြောဆိုထားပါတယ်။  အခုလို လူမှုကွန်ရက်ပေါ်ကနေတဆင့် မဲဆွယ်စည်းရုံးရေးလုပ်ရတာဟာ ကုန်ကျစရိတ်တော့ သိပ်မရှိပါဘူး။ ဒါပေမဲ့မြန်မာနိုင်ငံမှာ အွန်လိုင်းသုံးစွဲသူအနေအထားအရ လူဦးရေများတာမှန်ပေမယ့် လူတိုင်းဆီကိုတော့ ကိုယ်သွားချင်တဲ့ မက်ဆေ့ရောက်နိုင်မှုက အားနည်းနေတယ်လို့ USDP ပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦးက ပြောပါတယ်။  လာမယ့်နိုဝင်ဘာ ၈ ရက်နေ့မှာ ကျင်းပမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ ပြည်နယ် နဲ့ တိုင်းဒေသကြီးမဲဆန္ဒနယ် ၁,၁၅၇ နယ်မြေအတွက် ပါတီ ၉၁ ပါတီက ပါတီကိုယ်စားပြုနဲ့ တစ်သီးပုဂ္ဂလကိုယ်စားလှယ်ပေါင်း ၅၈၃၉ ဦး ပါဝင်ယှဉ်ပြိုင်ကြမှာပါ။  တနိုင်ငံလုံးအတိုင်းအတာနဲ့ မဲရုံပေါင်း ၄,၁၀၀၀၀ ဝန်းကျင်အတွက် မဲရုံဝန်ထမ်း ၄,၁၀၀၀၀ တာဝန်ယူမှာဖြစ်ပြီး မဲပေးမယ့်သူပေါင်းကတော့ ၃၇ သန်းကျော်ရှိမယ်လို့ ရွေးကောက်ပွဲကော်မရှင်က ကြေညာထားပါတယ်။ 
6 months Ago

August 19, 2020

၂၀၂၀ ရွေးကောက်ပွဲတွင် ပါတီ ၉၀ ဝန်းကျင် ဝင်ရောက်ယှဉ်ပြိုင်မည်

နိုင်ငံရေးပါတီတွေတည်ထောင်ခွင့်ပြုပြီးတဲ့နောက်ပိုင်း အခုအချိန်အထိ ၁၂၈ ပါတီ ခွင့်ပြုခဲ့ပြီး လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာတော့ ပါတီ ၉၀ ဝန်းကျင်ပဲ ဝင်ရောက်ယှဉ်ပြိုင်နိုင်မယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရဲ့ စာရင်းတွေအရ သိရပါတယ်။ ၂၀၁၀ ပြည့်နှစ် ဧပြီလကနေ ၂၀၁၉ နှစ်ကုန်အထိ ပါတီပေါင်း ၁၂၈ ခုကို တည်ထောင်ခွင့်ပြု ခဲ့ပေမယ့် အကြောင်းအမျိုးမျိုးကြောင့် ဖျက်သိမ်းသွားရတဲ့ ပါတီက ၃၄ ပါတီ ရှိပါတယ်။ ရွေးကောက်ပွဲဥပဒေတွေအရ ကော်မရှင်က ဖျက်သိမ်းလိုက်တာ၊ ပါတီချင်းပူးပေါင်းဖို့အတွက် ဖျက်သိမ်းခဲ့တာတွေဖြစ်ပြီး ကျန်တဲ့ပါတီတွေထဲက လတ်တလော ကော်မရှင်နဲ့ ဆက်သွယ် ဆောင်ရွက်နေတာ ပါတီ ၉၂ ပါတီ ရှိပါတယ်။ တည်ဆဲနိုင်ငံရေးပါတီတွေထဲက ၈၈ မျိုးဆက် ကျောင်းသားလူငယ်များ (ပြည်ထောင်စု မြန်မာနိုင်ငံ)ပါတီနဲ့ ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားနိုင်ငံရေးအဖွဲ့ချုပ်တို့ကိုတော့ ညွှန်ကြားချက်တွေ မလိုက်နာတာကြောင့် ၃ နှစ် ယာယီ ရပ်ဆိုင်းထားပါတယ်။ ဖျက်သိမ်းသွားခဲ့တဲ့ ပါတီတွေထဲမှာ အနည်းဆုံးယှဉ်ပြိုင်ရမယ့် မဲဆန္ဒနယ် ၃ ခုမှာ မယှဉ်ပြိုင်တာကြောင့် ပယ်ဖျက်ခဲ့တာ ၉ ပါတီ၊ ပူးပေါင်းဖို့အတွက် ပယ်ဖျက်ခဲ့တာ ၁၆ ပါတီ၊ သတ်မှတ်ပါတီဝင်အင်အားပြည့်အောင်မစည်းရုံးနိုင်လို့ ပယ်ဖျက်ခံရတာ ၁ ပါတီ၊ ယာယီ ရပ်ဆိုင်းခံ ခဲ့ရပြီး နောက်မှာလည်း ညွှန်ကြားချက်ကို မလိုက်နာလို့ ပယ်ဖျက်တာ ၂ ပါတီ၊ မိမိဆန္ဒအလျောက် ဖျက်သိမ်းသွားတာ ၄ ပါတီနဲ့ ညွှန်ကြားချက်အမှတ် ၁/၂၀၁၃ အရ ပယ်ဖျက်ခဲ့တာ ၂ ပါတီရှိပါတယ်။ လတ်တလောတည်ဆဲ နိုင်ငံရေးပါတီတွေထဲမှာ တနိုင်ငံလုံးမှာ စည်းရုံးမယ့်ပါတီ ၇၆ ပါတီ၊ ပြည်နယ် ဒါမှမဟုတ် တိုင်းတခုတည်းမှာပဲ စည်းရုံးမယ့်ပါတီ ၁၈ ပါတီရှိပါတယ်။
8 months Ago
More News
Up