ပါကစ္စတန် အဆင့်မြင့်ဟိုတယ်တခုတွင် မီးလောင်၊ လူ ၁၁ ဦး သေဆုံး

December 5, 2016

ပါကစ္စတန် အဆင့်မြင့်ဟိုတယ်တခုတွင် မီးလောင်၊ လူ ၁၁ ဦး သေဆုံး

ပါကစ္စတန်နိုင်ငံ ကရာချိမြို့ရှိ အဆင့်မြင့်ဟိုတယ်တခုမှာ ဒီဇင်ဘာ ၅ ရက်က မီးလောင်တဲ့အတွက် လူ ၁၁ ဦး သေဆုံးပြီး တော်တော်များများလည်း ဒဏ်ရာရသွားတယ်လို့ သတင်းတွေမှာ ဖော်ပြပါတယ်။ ရီဂျန့် ပလာဇာဟိုတယ် မီးလောင်မှုဟာ မြေညီထပ်ကနေ စတင်ခဲ့ပြီး အပေါ်ထပ်တွေက လူတွေ ပိတ်မိနေတယ်လို့ အင်္ဂလိပ်ဘာသာနဲ့ ထုတ်ဝေတဲ့ ဒေါင်းသတင်းစာမှာ ဖော်ပြပါတယ်။ ဟိုတယ်မှာ အခန်းပေါင်း ၄၀၀ ကျော် ရှိပါတယ်။ သတင်းတွေအရ မီးလောင်မှုကို ၉ နာရီခွဲမှာ ထိန်းနိုင်တယ်လို့ ဆိုပါတယ်။ ကရာချိမြို့တော်ဝန် ၀က်ဆန် အက်ခ်တာက မီးလောင်တဲ့ အကြောင်းရင်းကို မသိရသေးဘူးလို့ ပြောပါတယ်။ ပါကစ္စတန်က အဆောက်အအုံတွေ အတော်များများဟာ ကျန်းမာရေးနဲ့ လုံခြုံရေးဆိုင်ရာ စံချိန်စံနှုန်းတွေ လျော့ရဲပြီး မီးသတ်တပ်ဖွဲ့ကလည်း ပစ္စည်းကိရိယာတွေ မစုံလင်ပါဘူး။ မီးလောင်မှုအတွင်း သေဆုံး ဒဏ်ရာရသူတွေဟာ နိုင်ငံခြားသားတွေလားဆိုတာ မသဲကွဲသေးပါဘူး။
5 years Ago
Up