ပါကစ္စတန်နိုင်ငံမှာ အပူလှိုင်းဖြတ်လို့ လူအယောက် ၇၀၀ ဝန်းကျင် သေဆုံးခဲ့တဲ့အတွက် စစ်တပ်နဲ့ ပြည်သူ့စစ်တွေက နာမကျန်းသူတွေကို ဆေးဘက်အထောက်အပံ့တွေ အခမဲ့ ကူညီပေးဖို့ အပူရှပ်မှု အရေးပေါ် ကုသရေးဌာနတွေကို ဆေးရုံဝင်းတွေနဲ့ လမ်းတွေပေါ်မှာ ဇွန် ၂၃ ရက်နေ့က ဖွင့်လှစ်လိုက်ပါတယ်။
ပါကစ္စတန်ရဲ့ အချမ်းသာဆုံးမြို့လည်းဖြစ်တဲ့ ကရာချိမှာ လူဦးရေ သန်း ၂၀ လောက် နေထိုင်ပြီး အပူလှိုင်းဖြတ်နေသလို အကြီးစား လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုကိုလည်း ရင်ဆိုင်နေရပါတယ်။
ဒါကြောင့် ခရိုင်အစိုးရနဲ့ မြို့ကို လျှပ်စစ်ဖြန့်ဖြူးတဲ့ K electric ကုမ္ပဏီကို အပြင်းအထန် ဝေဖန်နေကြပါတယ်။
ဆိပ်ကမ်းမြို့ကရာချိမှာ လတ်တလောရက်တွေအတွင်း အပူချိန် ၄၄ ဒီဂရီ ဆဲလ်စီးယပ်စ် ရှိနေပြီး သာမန်နွေအပူချိန်က ၃၇ ဆဲစီးယပ်စ် ရှိတာပါ။ မကြာခင် မိုးရွာဖို့ မျှော်လင့်ထားပါတယ်။
အကူအညီပေးရေး အဖွဲ့အစည်း အဒ်ဟီက ရင်ခွဲရုံ ၁ ရုံတည်းကို ၃ ရက်အတွင်း အလောင်း ၄၀၀ ကျော် ရောက်လာခဲ့တယ်လို့ အရာရှိ အန်နဝါ ခါဇာမီက ပြောပါတယ်။
ဇွန် ၂၃ ရက်နေ့က လူနာအယောက် ၇၀၀ ကျော် ရေဓာတ်ခန်းခြောက်တာနဲ့ အပူကြောင့် အားကုန်ချည့်နဲ့တာတွေ ဖြစ်ခဲ့လို့ ဆေးရုံ ရောက်လာခဲ့ပြီး ၂ ရက်အတွင်း လူ ၂၅၅ ယောက် သေခဲ့တယ်လို့ ဂျင်းနာပြည်သူ့ဆေးရုံပြောခွင့်ရ ဒေါက်တာ စီးမင်း ဂျမာလီက ပြောပါတယ်။
“လူတွေက ခေါင်းကိုက် ဖျားနာပြီး သတိလစ်ခဲ့ကြတယ်။ လူနာတွေက ဒီလို လက္ခဏာတွေနဲ့ ဆေးရုံရောက်လာတယ်။ လူနာအများအပြားကတော့ ဆီးချို၊ နှလုံး ဝေဒနာရှင်တွေနဲ့ သက်ကြီးရွယ်အိုတွေပါ။”
ပါကစ္စတန် စစ်တပ်နဲ့ ပြည်သူ့စစ်တွေက အပူရှပ် အရေးပေါ် ဆေးကုသဌာနတွေကို ဖွင့်ပြီး လူထုကို ရေနဲ့ ရေဓာတ်ဖြည့် ဓာတ်ဆားတွေ ပံ့ပိုးပေးခဲ့ပါတယ်။
ကရာချိဒေသခံတယောက်ကတော့ ရေဓာတ်ခန်းနေတဲ့ ညီကို စစ်တပ်အရေးပေါ် ဌာနကို ခေါ်လာရင်း တခြားအဖွဲ့တွေ ဆေးရုံတွေ ရှိပေမယ့် ယုံကြည်မှုက အရေးကြီးတယ်လို့ ပြောပါတယ်။
“ဂရုစိုက် စောင့်ရှောက်ကုသမှုက တခြားနေရာတွေမှာထက် ဒီမှာက ပိုကောင်းတယ်ဆိုတာ ကျနော်တို့ သေချာသိတယ်။”
ခရိုင်အစိုးရကတော့ ဆိုးရွားတဲ့ မီးပျက်မှုကြောင့် ဖြစ်ရတဲ့ အကျပ်အတည်းကို စီမံခန့်ခွဲမှု မလုပ်တဲ့အတွက် အတိုက်အခံပါတီတွေကို ဝေဖန်ပြစ်တင်လိုက်ပါတယ်။
လူတွေက ပန်ကာတွေ၊ လေအေးပေးစက်တွေကို ဖွင့်ပြီး တချိန်တည်းမှာ ချက်ပြုတ်ခဲ့ ကြလို့ ဓာတ်အားပေးလိုင်းတွေ ဝန်နဲ့အား မနိုင်မနင်း ဖြစ်ခဲ့တာပါ။
ရာမာဒန် ဥပုသ်လဖြစ်လို့ မွတ်စလင်နိုင်ငံဖြစ်တဲ့ ပါကစ္စတန်နိုင်ငံတွင်း မွတ်စလင်အများစုက သောကြာနေ့ကစပြီး နေ့ခင်းမှာ စားသောက်မှုကို ရိုးရာအစဉ်အလာအရ ရှောင်ခဲ့ကြပါတယ်။
6 years Ago