ပါကစ္စတန်နိုင်ငံ၊ အနောက်မြောက်ပိုင်းက ချာဆက်ဒါမြို့နယ် တက္ကသိုလ်တခု ဇန်န၀ါရီ ၂၀ ရက် မနက်ပိုင်းက ပါကစ္စတန် တာလီဘန် အကြမ်းဖက်တွေ ၀င်ရောက်တိုက်ခိုက်လို့ လူအနည်းဆုံး ၁၉ ဦး သေဆုံးသွားပြီ ဖြစ်ပါတယ်။
ဒဏ်ရာရရှိသူ အယောက် ၅၀ ကျော်ရှိပြီး သေဆုံးသူဦးရေလည်း တိုးနေပါတယ်။
ဘချခန်တက္ကသိုလ်ကို တာလီဘန် အသေခံသေနတ်သမား ၄ ဦးက မနက်ပိုင်း နှင်းထုကို အကာအကွယ်ယူပြီး ကျောင်းအနောက် အုတ်တံတိုင်းကနေ ကျော်ဝင်ပြီး ၀င်ရောက်ပစ်ခတ်တာလို့ ပါကစ္စတန် အာဏာပိုင်တွေက ပြောပါတယ်။
အခုတော့ တိုက်ခိုက်မှုတွေ ပြီးဆုံးသွားပြီလို့ ပါကစ္စတန် စစ်တပ်အရာရှိတဦးက ပြောဆိုပေမယ့် တက္ကသိုလ်ဝန်းထဲ လုံခြုံရေး၊ ရှင်းလင်းမှုတွေ ဆက်လုပ်နေတယ်လို့ ပြောပါတယ်။
သေနတ်သမား ၄ ဦးလုံး ပစ်သတ်ခံရပြီး တာလီဘန် အကြမ်းဖက်တပ်ဖွဲ့ကလည်း အသေခံတိုက်ခိုက်သူ ၄ ဦး ပါဝင်တိုက်ခိုက်ခဲ့တယ်လို့ အတည်ပြု ပြောဆိုပါတယ်။
၂၀၁၄ ခုနှစ်တုန်းက ပက်ခ်ျဝါမြို့ အထက်တန်းကျောင်းတကျောင်းကို အခုလို တာလီဘန် သေနတ်သမားတွေ ၀င်ရောက်ပစ်ခတ်ခဲ့တုန်းက ကျောင်းသားတွေနဲ့ ကျောင်းဝန်ထမ်း ၁၃၀ သေဆုံးခဲ့ပါတယ်။
အခု တက္ကသိုလ် တိုက်ခိုက်ခံရမှုဖြစ်ခဲ့တဲ့ ချာဆက်ဒါမြို့ဟာ ပတ်ခ်ျဝါမြို့ကနေ မိုင် ၃၀ လောက် ကွာဝေးပါတယ်။
7 years Ago