ပါကစ္စတန်နှင့် စစ်ဘက်ဆက်ဆံရေးတိုးမြှင့်ရန် မြန်မာကာချုပ်ဆွေးနွေး

June 18, 2015

တိုင်းရင်းသားများ တောင်းဆိုချက် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဝေဖန်ပြစ်တင်

တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့တချို့ရဲ့ တောင်းဆိုချက်တွေဟာ တို့တာဝန်အရေးသုံးပါးကို ထိခိုက်စေပြီး တိုင်းပြည် တည်ငြိမ် အေးချမ်းမှုကို ထိခိုက်စေတဲ့ လှုံ့ဆော်မှုတွေ တွေ့နေရတယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။ ဇွန်လ ၁၇ ရက်က နေပြည်တော်မှာ ကာကွယ်ရေးဦးစီးချုပ်နဲ့ မြန်မာနိုင်ငံဆိုင်ရာ ဆွစ်ဇာလန်နိုင်ငံ သံအမတ်ကြီး မစ္စတာ ခရစ္စတိုဖာဘာဂျီနာတို့ တွေ့ဆုံခိုက် ပြောကြားခဲ့တာပါ။ အဲ့ဒီတွေ့ဆုံပွဲမှာ ကာကွယ်ရေးဦးစီးချုပ်က “ဖက်ဒရယ်ကို အခြေခံသည့် ပါတီစုံ ဒီမိုကရေစီ စနစ်ကို လျှောက်လှမ်းရာတွင် တိုင်းပြည်တည်ငြိမ် အေးချမ်းရေးသည် အရေးကြီးကြောင်း၊ တိုင်းရင်းသား အဖွဲ့အစည်းများ အနေဖြင့် တိုင်းပြည်၏ ပကတိ အခြေအနေ အရပ်ရပ်ကို သိရှိဖို့ လိုကြောင်း၊ အချို့တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၏ တောင်းဆိုမှုများသည် အဓိပ္ပာယ်တမျိုး သက်ရောက်နေကြောင်း၊ ဒို့တာဝန် အရေးသုံးပါးကို ထိခိုက်စေမည့် အခြေအနေများ တွေ့ရှိရကြောင်း၊ တည်ငြိမ်အေးချမ်းမှုကို ထိခိုက်စေသည့် လှုံ့ဆော်မှုများကိုလည်း တွေ့ရှိရကြောင်း။" စသဖြင့် ပြောဆိုခဲ့တာပါ။ ပြည်ထောင်စုအင်စတင်ကျုက ဦးခွန်ဆိုင်းကတော့ ဗိုလ်ချုပ်မှူးကြီးရဲ့ အခုလို ပြောဆိုမှုဟာ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေက အပစ်ရပ်စာချုပ်လက်မျတ်ထိုးဖို့ တမင်သက်သက်အချိန်ဆွဲနေတယ်လို့ မြင်ပြီး ပြောတာ ဖြစ်နိုင်တယ်လို့ သုံးသပ်ပါတယ်။ “တပ်မတော်ဘက်က မြင်တာက ၁ နှစ်ခွဲကျော် အချိန်ယူပြီးတော့မှ ကြိုးစားပမ်းစားနဲ့ စာချုပ်မူကြမ်းကို လုပ်ခဲ့တယ်။ အခု ဆက်လုပ်နေတဲ့ဟာက တမင်သက်သက် အချိန်ဆွဲတယ်လို့ သူတို့ မြင်ပုံရတယ်။ အဲ့ဒီလို မြင်ပုံရတဲ့အတွက်ကြောင့် ဒီဝေဖန်သုံးသပ်မှုက အခုလိုမျိုးပေါ်လာတာပေါ့။” ကာကွယ်ရေးဦးစီးချုပ်ဟာ ပြီးခဲ့တဲ့အပတ်ထဲ ဂျပန်သတင်းဌာနတခုနဲ့ တွေ့ဆုံခန်းမှာလည်း တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တချို့ဟာ မတရားသဖြင့် ရရှိထားတဲ့ ကိုယ်ကျိုးစီးပွားတွေကို ကာကွယ်ဖို့ လုပ်ဆောင်နေကြတယ်လို့ စွပ်စွဲ ပြောကြားခဲ့ပါသေးတယ်။ ဒီပြောဆိုချက်နဲ့ ပတ်သက်လို့လည်း ဦးခွန်ဆိုင်းက အကျိုးစီးပွားဆိုတဲ့နေရာမှာ နှစ်ဘက်စလုံးက အနည်းစုမှာ ရှိနေတာဖြစ်လို့ တပ်မတော် ခေါင်းဆောင်တယောက်အနေနဲ့ မပြောသင့်ဘူးလို့ မှတ်ချက်ပေး ပြောပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ လော်ခီးလာညီလာခံက အပစ်ရပ်စာချုပ်မူကြမ်းကို ပြင်ဆင်ဖြည့်စွက်လိုက်တဲ့ ဆုံးဖြတ်ချက် ထွက်ပေါ်ခဲ့ပြီးတဲ့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေအပေါ် ဝေဖန်ပြစ်တင် ပြောဆိုချက်တွေ ဆက်တိုက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
6 years Ago

May 31, 2015

စစ်တပ်က သယံဇာတခိုးထုတ်သည့် ရန်သူကို တိုက်နေခြင်းဖြစ်ဟု ကာချုပ်ပြော

စစ်တပ်အနေနဲ့ တိုင်းပြည်သယံဇာတများကို ခိုးထုတ်နေတဲ့ ခိုးထုတ်တာကို အကာအကွယ်ပေးနေတဲ့ ရန်သူကို တိုက်ခိုက်နေခြင်းဖြစ်ပြီး တိုင်းရင်းသားတွေကို တိုက်ခိုက်နေတာ မဟုတ်ဘူးလို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။ မေလ ၃၀ ရက်က ပြုလုပ်ခဲ့တဲ့ ၂ဝ၁၅ ခုနှစ်၊ စစ်ဦးစီး၊ စစ်ရေး၊ စစ်ထောက်ညှိနှိုင်း အစည်းအဝေးမှာ ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ခုလို ပြောကြားခဲ့တာ ဖြစ်ပါတယ်။ “တပ်မတော် အနေဖြင့် တိုင်းရင်းသားများကို တိုက်ခိုက်နေခြင်း မဟုတ်ဘဲ တိုင်းပြည်၏ အချုပ်အခြာအာဏာကို ထိပါးသောရန်သူ၊ တိုင်းပြည်၏ သယံဇာတများကို ခိုးထုတ်နေသော၊ ခိုးထုတ်မှုကို ကာကွယ် ပေးနေသော ရန်သူနှင့် တကမ္ဘာလုံးက လက်မခံသည့် မူးယစ်ဆေးဝါး ထုတ်လုပ်နေသော ရန်သူများကိုသာ တိုက်ခိုက်နေခြင်းဖြစ်ကြောင်း။” မြန်မာ့နိုင်ငံရေးဆောင်းပါးရှင် ဒေါက်တာရန်မျိုးသိန်းကတော့ လတ်တလောတိုက်ပွဲတွေကို ဆွေးနွေးညှိနှိုင်းဖြေရှင်းတဲ့နည်းနဲ့ ဖြေရှင်းမှ ရမယ်လို့မြင်ကြောင်း ပြောပါတယ်။ “မြန်မာနိုင်ငံ နယ်စပ်တလျှောက်မှာရှိတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတချို့ဟာ သယံဇာတခိုးထုတ်တဲ့ ကိစ္စ၊မူးယစ်ဆေးဝါးကိစ္စ၊ ဒီကိစ္စတွေနဲ့ ပတ်သက်နေတယ်လို့ စွပ်စွဲချင်တဲ့သဘောနဲ့ ပြောတာလို့ မြင်တယ်။ ကျနော့်အမြင်ကတော့ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ လတ်တလောဖြစ်နေတဲ့ ပဋိပက္ခတွေကို ဖြေရှင်းတဲ့နေရာမှာ လက်နက်ကိုင်တိုက်တဲ့ နည်းလမ်းမဟုတ်ဘဲနဲ့ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးအဖြေရှာတဲ့နည်းလမ်းကို အလေးထားသင့်တယ်လို့ မြင်တယ်။” သယံဇာတနဲ့မူးယစ်ဆေးဝါးကိစ္စတွေမှာ ပွင့်လင်းမြင်သာမှုရှိရှိ ဖော်ထုတ်ဖြေရှင်းသင့်ပြီး အပြန်အလှန်စွပ်စွဲပြောကြားနေရင်တော့ စစ်မှန်တဲ့ငြိမ်းချမ်းရေး မတည်ဆောက်နိုင်ဘူးလို့လည်း ပြောပါတယ်။ ဒါ့အပြင် ကာကွယ်ရေးဦးစီးချုပ်က ၂ဝ၁၁ ခုနှစ်မှ ၂ဝ၁၅ ခုနှစ်အတွင်း နိုင်ငံတော်အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေ ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးမှုတွေကြောင့် ပြည်ထောင်စုအဆင့် လက်မှတ်ရေးထိုးပြီးတဲ့ အဖွဲ့ ၁၂ ဖွဲ့၊ ပြည်နယ်အဆင့် လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့ ၂ ဖွဲ့တို့နဲ့ ငြိမ်းချမ်းရေး သဘောတူညီမှု ကတိကဝတ်တွေ ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ တပ်မတော်အနေနဲ့ နိုင်ငံတော်ရဲ့ ငြိမ်းချမ်းရေး ဆောင်ရွက်မှု လုပ်ငန်းစဉ်မှာ အားသွန်ခွန်စိုက် ပါဝင် ဆောင်ရွက်နေတယ်လို့လည်း ပြောသွားပါတယ်။ လတ်တလော မြန်မာပြည်အရှေမြောက်ပိုင်းဒေသမှာ စစ်တပ်နဲ့ ကိုးကန့်တပ်ဖွဲ့တို့ကြား တိုက်ပွဲဖြစ်ပွားနေတာ ၄ လနီးပါး ကြာမြင့်နေပြီ ဖြစ်ပါတယ်။
7 years Ago
More News
Up